မြဝတီ ဩဂုတ် ၃၁
ကရင်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ပွဲတော်ကို နေရာဒေသ အသီးသီးရှိ ကရင်တိုင်းရင်းသားလူမျိုးတို့သည် ဝါခေါင်လရောက်တိုင်းနှစ်စဉ် အနှစ်သာရပြည့်ဝစွာ ဆင်ယင်ကျင်းပလေ့ရှိကြရာ ယနေ့နံနက် ၈ နာရီခွဲက ကရင်ပြည်နယ်၊မြဝတီမြို့
ကရင်အမျိုးသား ထာဝရနှစ်သစ်ကူးကွင်းတွင် အနှစ်သာရပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းကြောင်းသိရသည်။
ရှေးဦးစွာ သဘာပတိ မြဝတီမြို့နယ် ကရင်စာပေနှင့်ယဥ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းမှ ဦးစငွေသန်းက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တောင်ကလေးအေးရိပ်သာကျောင်းဆရာတော် အရှင်အဂ္ဂဝံသမှ သြဝါဒစကား မိန့်ကြားပြီး မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ယင်းနောက် ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး) ဖြစ်ပေါ်လာပုံကို ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် ဖတ်ကြားကြသည်။
ဆက်လက်၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသည့် ကျောင်းသား/ကျောင်းသူများအား ခြေမြန်တပ်မဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးကြီးဝင်းနောင်စိုး၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့်တာဝန်ရှိသူများ၊ နယ်ခြားစောင့်တပ်၊ တပ်နယ်(၄)တပ်မှူး ဗိုလ်မှူး စောမုတ်သုန်နှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေ၊ ရွှေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ကရင်စာပေနှင့်ယဥ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းဥက္ကဋ္ဌ ဦးစောအောင်သိန်းမြင့်က ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်ပြီး ချည်ဖြူဖွဲ့ပေးမည့် အဖိုးနှင့်အဖွားများက မြေးငယ်များခြံရံလျှက် သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီးပွဲတော် အကြီးအမှူးက မကောင်းသော စိတ်ဝိဉာဉ်ဆိုးများ လူတိုင်း၏ခန္ဓာကိုယ်မှ ဖယ်ခွာစွန့်ထုတ်သွားစေရန် ကရင်ဘာသာဖြင့် ရွတ်ဆိုမောင်းထုတ်၍ လူတိုင်း၏ခန္ဓာကိုယ်အား အစဉ်အမြဲစောင့်ရှောက်ပေးသည့် ဝိဉာဉ်လိပ်ပြာကောင်းများ အသီးသီးပြန်လည်ဝင်ရောက်လာစေရန် ကရင်ဘာသာဖြင့် ရွတ်ဆို ခေါ်ယူပြီး ဗိုလ်မှူးကြီး ဝင်းနောင်စိုး၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့်တာဝန်ရှိသူများ၊ နယ်ခြားစောင့်တပ်၊ တပ်နယ်(၄)တပ်မှူး ဗိုလ်မှူးစောမုတ်သုန်နှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ ကရင်တိုင်းရင်းသားရပ်မိရပ်ဖများ၊ တိုင်းရင်းသားပြည်သူများက အဖိုး၊ အဖွားများထံတွင် ချည်ဖြူဖွဲ့မင်္ဂလာခံယူကြသည်။
ချည်ဖြူဖွဲ့ရာတွင် ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ သန့်စင်သော ရေ၊ ကြံပိုင်းစသည့်ပစ္စည်း(၇)မျိုးပါဝင်ပြီး တစ်ခုချင်းစီ၏ဂုဏ်သတ္တိများအလိုက် ကရင်တိုင်းရင်းသား တို့အား စုပေါင်းညီညွတ်စွာနေထိုင်စေလိုသည့်အဓိပ္ပါယ်များ ပါဝင်ကြောင်း၊ မွန်မြတ်သန့်စင်၍ ချစ်စရာကောင်းသည့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ်အလာကောင်းများကို ကရင်တိုင်းရင်းသားများ ထိန်းသိမ်းသည့်ပွဲတော်တစ်ရပ်ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)