မြိတ် ဩဂုတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွတ်တော် တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသား/သူများနှင့်အတူ ဩဂုတ်(၃၁)ရက် နံနက်ပိုင်းက မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည့် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာသည် ကရင်တိုင်းရင်းသားဘိုးဘွားမိဘများ၏ အစဉ်အလာမပျက် လက်ဆင့်ကမ်းခဲ့ကြသည့် မင်္ဂလာတရားများနှင့်ပြည့်စုံသည့် ရိုးရာအမွေအနှစ်တစ်ခုဖြစ်ပြီး မိသားစုများအားလုံး စည်းစည်းလုံးလုံးဖြင့် ပြန်လည်တွေ့ဆုံကြပြီး လက်ရည်တပြင်တည်းဖြစ်ခြင်း၊ နွေးနွေးထွေးထွေးဖြင့် ချစ်ကြည်ရင်းနှီးစည်းလုံးမှုများ တိုးပွားစေခြင်းနှင့် ရိုးရာယဉ်ကျေးမှုထုံးတမ်း အစဉ်အလာများကို ထိန်းသိမ်းဖော်ထုတ်ခြင်းတို့ဖြင့်ဆောင်ရွက်ကြသည့် ထူးမြတ်သောမင်္ဂလာအခမ်းအနားတစ်ခုဖြစ်၍ ကရင်တိုင်းရင်းသား လူငယ်မောင်မယ်များအနေဖြင့် မိမိတို့ ဘိုးဘွားမိဘများထံမှ ချည်ဖြူဖွဲ့ခံယူသည့် မြတ်မင်္ဂလာပွဲတော်လည်းဖြစ်သည်။
ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ကရင်ရိုးရာထားအလင်္ကာဖြင့် ကရင်တိုင်းရင်းသား/သူများက ဖျော်ဖြေ၍ မော်လမြိုင် ကက်သလစ်သာသနာဂိုဏ်အုပ်(ငြိမ်း) ဘီးရှော့မွန်စောဖိုးရေ၊ မြိတ်ကက်သလစ်ခရစ်ယာန်သာသနာ ကျောင်းတိုင်ဘုန်းတော်ကြီး ဖာသာရ် Hubert မျိုးဆန့်ဦး၊ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မင်္ဂလာဖားစည်တီး၍ ဖွင့်လှစ်ခဲ့ကြပြီး တက်ရောက်လာကြသူများအားလုံးက ပြည်ထောင်စုအလံအား အလေးပြုခြင်းနှင့် ကရင်အမျိုးသားအလံအား ကရင်အမျိုးသားသီချင်း သီဆို၍ အလေးပြုခဲ့ကြသည်။
ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားရာတွင် ကရင်လူမျိုးတို့၏ ဘဝဓလေ့နှင့်ကိုက်ညီစစ်မှန်သည့် ကရင်ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ရန်၊ ကရင်အမျိုးသားတို့၏ ယဉ်ကျေးမှုကိုမြတ်နိုးပြီး ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်လိုသော အသိစိတ်ဓာတ်များ ကိန်းအောင်းရှင်သန်စေရန်နှင့် ကရင်လူမျိုးအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို ကျင်းပခြင်း ဖြစ်သည့်အတွက်လည်း အင်မတန်မှ မွန်မြတ်လှပါကြောင်း၊
ယခုလို အဓိပ္ပာယ်များနှင့် ပြီးပြည့်စုံသော ချည်ဖြူဖွဲ့မင်္ဂလာ ရိုးရာဓလေ့ပွဲတော်ကို မပျောက်မပျက် ဆက်လက်၍ လက်ဆင့်ကမ်း ထိန်းသိမ်းမြှင့်တင်ကြဖို့နှင့် မွန်မြတ်သန့်စင်ပြီး ချစ်စရာကောင်းသော ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို လူမျိုးမရွေး၊ ဘာသာမရွေး ပါဝင်ဆင်နွှဲနိုင်ပြီး နှစ်စဉ်ဝါခေါင်လ ရောက်တိုင်း မိမိတို့၏ လက်ကောက်ဝတ်များတွင် ချည်ဖြူဖွဲ့၍ ကရင်ရိုးရာဓလေ့ကို အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားသို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့လာသည့် သဝဏ်လွှာအား တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဖတ်ကြားသည်။ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားတွင် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာဖြစ်ပေါ်လာပုံအား စာတမ်းဖတ်ကြားခြင်း၊ ကရင်တိုင်းရင်သား/သူများက ကရင်ရိုးရာအကအလှများ၊ ကရင် ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ ကရင်တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး မြိတ်တက္ကသိုလ်ကျောင်းသူများက စည်းလုံးခြင်းသည်အင်အား သီချင်းတေးသရုပ်ဖော် ဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကရင်တိုင်းရင်းသား/သူများအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြပြီး မြိတ်ခရိုင် ကရင်စာပေယဉ်ကျေးမှုကော်မတီအား ပြည်ဖြိုးထွန်းကုမ္ပဏီမှကျပ်သိန်း(၅၀)၊ ထူးထူးတိုးကုမ္ပဏီမှကျပ်သိန်း(၃၀)၊ မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီမှ ကျပ်(၁၀)သိန်းနှင့် Myeik Shopping Center မှ ကျပ်(၁၀)သိန်း စုစုပေါင်း အလှူငွေကျပ်သိန်း (၁၀၀) လှူဒါန်းပေးအပ်သည်။ ထို့နောက် ချည်ဖြူဖွဲ့မင်္ဂလာကို ကရင်ဘိုးဘွားများက ကရင်ရိုးရာသီချင်းများ၊ ဆုတောင်းမေတ္တာပို့ကဗျာများရွတ်ဆို၍ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များ၊ (၇)ရက်သားသမီးများအား ချည်ဖြူဖွဲ့ပေးခြင်းဖြင့် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်သည် ကရင်လူမျိုးများ၏ မွန်မြတ်၍ တန်ဖိုးရှိသော ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်ပြီး ကရင်လူမျိုးတို့နှင့်အတူ ဘိုးစဉ်ဘောင်ဆက်ပါရှိလာသည့် ကရင်အမျိုးသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတစ်ခုဖြစ်ပြီး မျက်မှောက်ခေတ်တိုင်အောင် လက်ဆင့်ကမ်းကျင်းပလာကြခြင်း ဖြစ်ကြောင်း၊ ချည်ဖြူဖွဲ့ခြင်းဆိုသည်မှာ လက်ကိုချည်ဖြူဖြင့် ဖွဲ့နှောင်ရစ်ပတ်ခြင်းဖြစ်ပြီး နေရာအနှံ့အပြားတွင်ရောက်ရှိနေကြသော ကရင်အမျိုးသား မိသားစုဝင်များ၊ ဆွေးမျိုးသားချင်းများတို့မှ ပြန်လည်စုစည်းပြီး အတူတကွပျော်ရွှင်စွာ လက်ချည်ပေးခြင်းအားဖြင့် မိသားစု၊ ဆွေမျိုးသားချင်း အချင်းချင်း ပြန်လည်စုစည်းပေါင်းစပ်ပေးခြင်း၊ အတူတကွရှိနေခြင်း၊ မျိုးချစ်စိတ်နှင့် စည်းလုံးညီညွတ်မှုအတွက် ဖော်ထုတ်ပေးသည့် အနှစ်သာရရှိသော ပွဲတော်တစ်ရပ်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)