လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ ဩဂုတ် ၃၁

နိုင်ငံတော်၏မြေသယံဇာတများကို အကျိုးရှိစွာအသုံးချစေရေး၊ စိုက်ပျိုးမြေများမလျော့ပါးစေရေး၊ တိုးပွားလာသော ပြည်သူလူထုနေထိုင်နိုင်ရန် မြေလုံလောက်မှုရှိစေရေး၊ ဖွံ့ဖြိုးတိုးတက်လာသော စက်ရုံ၊ အလုပ်ရုံများမြေနေရာ လုံလောက်စွာရရှိရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် (Standard Operation Procedure-SOP) ပေါ်ထွက်လာစေရေးအတွက် လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း(SOP) ရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ(ပထမအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ လယ်ယာမြေကိုအခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုရေး ပြည်နယ်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးလွန်အသုံးပြုမှုများရှိနေသည့်အတွက် ပြည်နယ်အတွင်းဖြစ်ပေါ်နေသည့်အခြေအနေ၊ နောက်ခံသမိုင်းတို့ကို သိရှိအောင်ဆောင်ရွက်၍ စာရင်းကောက်ယူပြုစုပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်ကန်ကန် လေ့လာဆန်းစစ်ဖို့လိုကြောင်း၊ မှန်ကန်ရိုးသားစွာလုပ်ဆောင်နေသူများ နစ်နာမှုမရှိစေရေးနှင့် ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရေး ဥပဒေနှင့်အညီဖော်ထုတ် အကြံပြုတင်ပြပေးစေလိုကြောင်း၊ သက်ဆိုင်ရာဌာနများအလိုက် ကျင့်သုံးဆောင်ရွက်လျက်ရှိသော ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ  မြေပြင်စာရင်းပြုစုကောက်ယူပြီး ရရှိလာသည့်အချက်အလက်များအပေါ် မူတည်၍ SOP ရေးဆွဲအကြံပြုတင်ပြရမည်ဖြစ်သည့်အတွက် အချက်အလက်များ ပြည့်စုံမှန်ကန်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မြို့နယ်အဆင့် ကွင်းဆင်းစာရင်းကောက်ယူ ပြုစုရေးအဖွဲ့နှင့် ခရိုင်ကြီးကြပ်ရေးအဖွဲ့များကို ဖွဲ့စည်းတာဝန် ပေးအပ်ရန်လိုပြီး ပြည်နယ် SOP ရေးဆွဲရေးလုပ်ငန်းကော်မတီ၏ တာဝန်များကိုကော်မတီဝင်အားလုံးနှင့် လုပ်ငန်းအဖွဲ့များမှ အလေးထားဆောင်ရွက်ကာ ပါသင့်ပါထိုက်သည့်အချက်များကို ထည့်သွင်းပြဋ္ဌာန်းသတ်မှတ်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုရေး ပြည်နယ်လုပ်ငန်းကော်မတီအတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ပြည်နယ်အဆင့်လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး တွဲဖက်အတွင်းရေးမှူး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးဇော်မိုးအောင်က SOP ရေးဆွဲပြုစုရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ရမည့်အခြေအနေနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။

ယင်းနောက် ကော်မတီအဖွဲ့ဝင်များက လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း(SOP) ရေးဆွဲပြုစုနိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား‌ ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဘားအံမြို့နယ် ကော့ကသောင်ကျေးရွာ၊ ကော့ကသောင်ကျောင်းကြီး ဆရာတော် ဘဒ္ဒန္တအာစရအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကသောင်သဘာဝထုံးကျောက်လိုဏ်ဂူ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားနှင့်ရေကူးကန်အား ပြည်နယ်၏ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ  ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၈ ဒသမ ၁၉   သန်းဖြင့် အရှည်ပေ ၄၀၀၊ အကျယ် ၁၂ ပေရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် ၄၆ ဒသမ ၅ သန်းဖြင့် အလျား ၇၅ ပေ၊ အနံ ၃၅ ပေ၊ အနက် ၄ ပေခွဲရှိ ထပ်တိုးကျောက်စီပန်းရံရေကန် တည်ဆောက်ပြီးစီးမှု၊   ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သော အများသုံးသန့်စင်ခန်းနှင့် အဝတ်လဲခန်း တည်ဆောက်ရေးလုပ်ငန်းခွင်တို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး၊ အများပြည်သူအေးချမ်းပျော်ရွှင်စွာ အနားယူ အပန်းဖြေနိုင်ရေးအတွက် ယာဉ်ရပ်နားရန်နေရာများစနစ်တကျဖြစ်စေရေး၊ ပန်းအလှပင်များစိုက်ပျိုး၍ အမှိုက်ပုံးကြီးများထားရှိပေးနိုင်ရေး၊ ရေကူးကန်မှ အဝတ်လဲခန်းနှင့် သန့်စင်ခန်းသွားလမ်းအား (၆)ပေအကျယ် ကွန်ကရစ်လမ်း ခင်းပေးနိုင်ရေး၊ ဈေးဆိုင်ခန်းများ စနစ်တကျဖြစ်စေရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး အလေးထား ဆောင်ရွက်ကြရန်နှင့် လာမည့်ပွင့်လင်းရာသီခရီးသွားကာလတွင်  ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သော ခရီးစဉ်ဒေသတစ်ခုဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)