ပဲခူး သြဂုတ် ၃၁
ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် (၃၅) ကြိမ်မြောက် ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့ အခမ်းအနားကို ဩဂုတ်လ (၃၁) ရက်နေ့ နံနက်ပိုင်းအချိန်က ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံကြီး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး သမ္မာဒေဝနတ်ဗြဟ္မာများကို ပင့်ဖိတ်ကာ ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့၊ အလှည့်ကျသဘာပတိ ဦးမြင့်စိုးက မေတ္တာအခါတော်နေ့ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် ဧည့်ပရိတ်အပေါင်းက ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ၊ ပဲခူးမြို့မစာသင်တိုက်၊ ပဓာနနာယကဆရာတော်ထံမှ (၉) ပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတာ်အရှင်သူမြတ်များက မေတ္တာသုတ်ဒေသနာတော်ကို ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။
ယင်းနောက် ဘာသာရေးအသင်းသူများက မေတ္တာသုတ်နိဒါန်းအချီးရတု၊ မေတ္တာအကျိုးပြတေးထပ်တို့ဖြင့် ပူဇော်ပြီးအခမ်းအနား တက်ရောက်လာကြသူအားလုံးက မေတ္တာသုတ်ပါဠိတော် ဘာသာပြန်ရှစ်လုံးဘွဲ့ကဗျာကို စုပေါင်းရွတ်ဆိုကာ မေတ္တာပွားများကြပြီး သြဝါဒါစရိယ ဆရာတော်ကြီးများအား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် သြဝါဒါစရိယ ကြခတ်ဝိုင်းစာသင်တိုက် ပဓာနနာယကဆရာတော်ထံမှ အနုမောဒနာတရားနာယူပြီး ရေစက်သွန်ချအမျှအတန်းပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဘာသာရေးအသင်း (၁၆) သင်းက မေတ္တာသုတ်ပါဠိတော်အစအဆုံး၊ မြန်မာပြန်ရှစ်လုံးဘွဲ့ကဗျာနှင့် (၅၂၈) သွယ်မေတ္တာပွားခြင်း၊ မေတ္တာပွားနည်း (၁၁) နည်းတို့ကို အလှည့်ကျတစ်နေကုန် ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)