ထီးချိုင့်မြို့နယ်တွင် ယူးရီးယားဓာတ်မြေဩဇာရောင်းချခြင်း၊ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးနည်းပညာပေးဆွေးနွေးပွဲနှင့် ငရုတ်သီးပိုးသတ်ဆေးရည် လက်တွေ့ပြုလုပ်ပြသခြင်းကွင်း သရုပ်ပြပွဲကျင်းပ

ထီးချိုင့် ဩဂုတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ယူးရီးယားဓာတ်မြေဩဇာရောင်းချခြင်း၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲနှင့် ငရုတ်သီးပိုးသတ်ဆေးရည် လက်တွေ့ပြုလုပ်ပြသခြင်း ကွင်းသရုပ်ပြပွဲကို ယ‌နေ့နံနက်(၉:၃၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကိုကိုအောင်က နိုင်ငံတော်မှ အဖိုးနှုန်းချိုသာစွာဖြင့် တောင်သူများအလွယ်တကူ ဝယ်ယူရရှိနိုင်ရေး၊ တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးစသည့် ရည်ရွယ်ချက်ကို ရှင်းလင်း‌ပြောကြားခဲ့ပါသည်။   

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပညာရှင်ဝန်ထမ်းများက စပါးဖျက်ပိုး ရွှေခရုကာကွယ်နှိမ်နင်းနည်းများ၊ သဘာဝမြေဩဇာသုံးစွဲခြင်း၏ အကျိုးကျေးဇူးများ၊ စပါးမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာများ၊ စပါးရွက်ဖျားခြောက် အပင်ဝါဖြေရှင်းခြင်းနည်းပညာများစသည့်တို့ကို အသီးသီးဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ငရုတ်သီးပိုးသတ်ဆေးရည် လက်တွေ့ပြုလုပ်ပြသခြင်း၊ Drum Seeder မျိုးစေ့ချကိရိယာနှင့် ကြားပေါင်းလိုက်တမန်းထိုးကိရိယာ အသုံးပြု၍ တောင်သူနည်းပညာပေး ကွင်းသရုပ်ပြခြင်းနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦး‌ဇော်လင်းနှင့် တာဝန်ရှိသူများက ကျေးရွာတောင်သူများအား ယူရီးယားဓာတ်မြေဩဇာများကို နိုင်ငံတော်မှ သက်မှတ်ပေးထားသည့် နှုန်းထားများဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး‌ တောင်သူစုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)