မုံရွာ ဩဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းပါ (၇) ခုမှ လုပ်ငန်းထူထောင်လိုသူတစ်ဦးချင်းစီအား လုပ်ငန်းမတည်ငွေ ကျပ် ၁၀ သိန်းမှ ငွေကျပ် သိန်း ၁၀၀ အထိကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေမှ ထုတ်ချေးနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးရေး၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ကဏ္ဍတွေ မြှင့်တင်နိုင်ရေး တို့အတွက် ဒေသထွက် ကုန်းကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များဖြစ်တဲ့ MSMEs တွေ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင်၊ အာမခံချက်ရှိအောင် ကူညီပြီး လုပ်ငန်းထူထောင်လိုသူတစ်ဦးချင်း စီအား လုပ်ငန်းမတည်ငွေ ကျပ်(၁၀) သိန်းမှ ငွေကျပ် သိန်း(၁၀၀) အထိအရင်းအနှီးများ ထုတ်ချေး ပေးသွားမှာဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး ကိုယ်ပိုင် လုပ်ငန်းများ ထွန်းကားလာစေရန် စီမံကိန်း လုပ်ငန်းတွေဖြစ်တဲ့ (၁)ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု၊ (၂)ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး၊(၃) လူငယ်များ အလုပ်အကိုင်ဖန်တီးပေးရေး၊ (၄)အသေးစားအငယ်စား စီးပွားရေး လုပ်ငန်းများ ပေါ်ထွန်းရေး၊(၅) အမျိုးသမီးများ ဝင်ငွေတိုးရေး(၆)ဘေးဒဏ်သင့်ပြည်သူများ စီးပွားရေး လုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး၊ (၇) =ဘိန်းစိုက်ပျိုးသည့် မြို့နယ်များမှာ ဘိန်းအစားထိုးကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးရေးစတဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မောင်းက ဩဂုတ်လ ၂၉ ရက်နေ့ကဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်နည်းသင်တန်းတွင် ရှင်းလင်းပြောကြားခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်း၊ လက်မှုထည်ထုတ်ကုန်သင်တန်း၊ ရက်ကန်းသင်တန်း၊ စက်ချုပ်သင်တန်း၊ စက်ပြင်သင်တန်း၊ လျှပ်စစ်သွယ်တန်းနည်းသင်တန်းနှင့် လူသုံးကုန်၊ အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများ ဖွင့်လှစ်လျက်ရှိပြီး ဒေသနှင့်ကိုက်ညီသည့် သင်တန်းများကို ဒေသခံများကတောင်းခံလာလျှင်လည်း ပို့ချပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသေးစား စက်မှုလက်မှုလုပ်ငန်းရှင်ပေါင်း ၁၉၇၈ ဦး၊ လုပ်သားစုစုပေါင်း ၇၃၉၀ ဦးဖြင့် ရင်းနှီးငွေ ကျပ် ၃၁၈၂ သန်းရှိပြီး တစ်နှစ်ထုတ်လုပ်မှု တန်ဖိုး ကျပ် ၂၃၇၅၆ ဒဿမ ၂၃၉ သန်းရှိကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များအတွက် ကာလတိုသင်တန်း ၂၀၉ ကြိမ်တွင် သင်တန်းသား ၄၇၅၃ ဦးကို သင်ကြားပေးနိုင်ခဲ့ပြီး ဓာတ်ခွဲခန်းဝန်ဆောင်မှု ၈၂၃ ကြိမ်တွင် လုပ်ငန်းရှင် ၆၃၀ ဦး ဖော်ဆောင် ပေး နိုင်ခဲ့ကြောင်း ၊ ပုဂ္ဂလိက ရက်ကန်းလုပ်ငန်းရှင် ၃၀၇ ဦး အတွက် လုပ်သားအင်အား ၁၂၂၀ ဦးအလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကာ အဆိုပါလုပ်ငန်းမှ တစ်လ ထုတ်လုပ်မှုတန်းဖိုး ကျပ် သန်း ၉၀ ရှိကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)