ပြည် ဩဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်၏ (၂၄)နှစ်မြောက် မွေးနေ့အကြိုအထိမ်းအမှတ် သိပ္ပံဘာသာရပ်ပြပွဲ၊ မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှု၊ ဆံကေသာအလှနှင့် ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့က ယင်းတက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ (သင်ကြား/စီမံ)ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း အင်အား ၁၀၀၀ ခန့်တက်ရောက်သည်။
ရှေးဦးစွာ ဘက်စုံသုံးခန်းမမုခ်ဦးရှေ့၌ သိပ္ပံပြပွဲနှင့် ပဒေသာကပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များဖြစ်သည့် ဒေါက်တာသက်သက်ထွန်းနှင့် ဒေါက်တာမြင့်မြင့်ခိုင်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား၊ ကျောင်းသူလေးများက ပြည်တက္ကသိုလ်သီချင်း ဂုဏ်ပြုသီဆိုခြင်းနှင့် ရွှေမိုးရွာသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက သိပ္ပံဘာသာရပ်ပြပွဲပြခန်းများ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုလေ့လာ အားပေးကြသည်။
ထို့နောက် ဘက်စုံသုံးခန်းမ၌ အခမ်းအနားဒုတိယပိုင်း ဆက်လက်ကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာသက်သက်ထွန်းက "ပြည်တက္ကသိုလ်ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်း အဆင့်ဆင့်ကို ဦးစွာပြောကြားပြီးကျောင်းသား / ကျောင်းသူများကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန်ပြည့်စုံစေဖို့၊ ကျန်းမာသန်စွမ်းပြီး အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေဖို့၊ အမှားအမှန်အကောင်းအဆိုးကို ပိုင်းခြားသိမြင်စေဖို့၊ ကိုယ်ကျင့်တရားကောင်းမွန်စေဖို့၊ စာပေပညာသင်ကြားပေးရုံသာမက အားကစား၊ အနုပညာ၊ ကြက်ခြေနီအစရှိတဲ့ လူမှုရေးအသင်းအဖွဲ့တွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန် အမိတက္ကသိုလ်က လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း၊ အနာဂတ်ပညာရေးတိုးတက်ကောင်းမွန်စေရေးနှင့် ဘွဲ့ရပညာတတ်လူငယ်တွေပေါ်ထွန်းလာရေး ရည်ရွယ်ချက်ကောင်းတွေနဲ့ ဒီကနေ့ပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း " ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူလေးများက ပျူခေတ်အကနှင့် တိုင်းရင်းသားအကပဒေသာများ ကပြသီဆိုဖျော်ဖြေခြင်း၊ ခေတ်အဆက်ဆက် မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုပြသခြင်းနှင့် ဆံကေသာအလှပြသခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ကဏ္ဍအလိုက် ဖျော်ဖြေရေးအဖွဲ့ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြောင်းနှင့် သိပ္ပံပြပွဲများသို့ အခြေခံပညာကျောင်းသား၊ ကျောင်းသူများလည်း လာရောက်လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)