ဟားခါး သြဂုတ် ၃၁
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure – SOP) ရေးဆွဲပြုစုရေး ချင်းပြည်နယ်လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကို သြဂုတ်လ ၃၁ ရက် နံနက် ၁၀ နာရီက ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း ( Standard Operating Procedure-SOP ) ရေးဆွဲပြုစုရေး ချင်းပြည်နယ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်နှင့်အညီ လယ်ယာမြေများကို အထူးခွင့်ပြုထားသည့်ကိစ္စမှအပ စိုက်ပျိုးရေးလုပ်ငန်းများတွင်သာ အသုံးပြုရမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများရှိနေပြီး အဆိုပါကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ရှင်းလင်းမှုရှိပြီး လက်တွေ့ကျကာ တစ်ပြည်လုံးနှင့်ကိုက်ညီသည့်အပြင် မိမိဒေသနှင့်ကိုက်ညီပြီး လွယ်ကူရှင်းလင်းသည့် လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure-SOP) ရေးဆွဲပြုစုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရေးဆွဲရမည့် SOP ၏ အနှစ်သာရသည် စိုက်ဧကလျော့မသွားရန်ဖြစ်ကြောင်း၊ ဤလုပ်ငန်းစဉ်သည် သိမ်မွေ့ခက်ခဲသော လုပ်ငန်းစဉ်တစ်ခုဖြစ်သဖြင့် နောက်ထပ်တွေ့ဆုံညှိနှိုင်းအစည်းအဝေးများ ခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အချိန်အားဖြင့် ရက်(၅၀)အတွင်း အပြီးဆောင်ရွက်ရမည် ဖြစ်ပါကြောင်းနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ချင်းပြည်နယ်၏ SOP ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးတင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူးများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ရသည့် လုပ်ငန်းများနှင့် SOP ရေးဆွဲရာတွင် ပါဝင်သင့်သည့်အချက်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များပေါ် ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်တို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်ထွန်းတောက်