ရွှေတောင် သြဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက တုံးရေသစ်တောကြိုးဝိုင်းအတွင်း မွေးမြူရေးဇုံ မြေနေရာချထားပေးနိုင်ရေး မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားရာ တုံးရေသစ်တောကြိုးဝိုင်းအတွင်း မွေးမြူရေးဇုံ မြေနေရာချထားပေးနိုင်ရေးကိစ္စရပ်များအပေါ် ရှင်းလင်းဆွေးနွေးပြီး သက်ဆိုင်ရာခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ မိမိတို့ဌာနအလိုက် သက်ဆိုင်ရာလုပ်ငန်းဆောင်ရွက်နေမှု အစီအမံများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ဝက်၊ ကြက်၊ နွား၊ ဆိတ်၊ ဘဲ မွေးမြူရေးလုပ်ကိုင်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ရာ သက်ဆိုင်ရာခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က စိုက်ပျိုးရေးနှင့်မွေးမြူရေး သင်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့်အဆောင်နေ ကျောင်းသား / ကျောင်းသူများ နေ့စဥ်စားသောက်မှု အဆင်ပြေစေရေးအတွက် ဆန်(၂၄)ပြည်ဝင် ဆန်(၄)အိတ်အား ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းထံသို့ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန် /ဆက်)