ပဲခူး ဩဂုတ် ၃၁
ပဲခူးမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့ဗုဒ္ဓအသံဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပဲခူးတိုင်းဒေသကြီးပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်ဦးခင်မောင်တင့်က မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဟာ မြန်မာ့ယဉ်ကျေးမှုကို ဖော်ထုတ်ပြသတဲ့ပွဲဖြစ်ပြီး ဒီလိုပြိုင်ပွဲကြီးကို ကျင်းပပေးခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ကြတဲ့ ရွက်ပုန်းသီး အနုပညာရှင်တွေများစွာ ပေါ်ထွက်လာမှာဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှုအနုပညာတွေကို ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားတိုးတက်လာမှာဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အနုပညာရှင်များနှင့်အမှတ်ပေး အကဲဖြတ်ဒိုင်လူကြီးများအား ကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးခရိုင်အဆင့် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဇော်လတ်က ပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီး(ခရိုင်အဆင့်) အဆိုပြိုင်ပွဲတွင် သတ်မှတ်ထားသည့်အဆင့်အလိုက် ပြိုင်ပွဲဝင်များက မဟာဂီတ၊ ခေတ်ဟောင်း၊ ကာလပေါ်တေးသီချင်းများ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်တေးသီချင်းများဖြင့်လည်းကောင်း၊ အကပြိုင်ပွဲတွင် သတ်မှတ်ထားသည့်အဆင့်အလိုက် ပြိုင်ပွဲဝင်များကလည်းကောင်း၊ အတီးပြိုင်ပွဲတွင် စောင်း၊ စန္ဒရား၊ ပတ္တလား၊ တယော၊ ဆိုင်းစသည်တို့အား သတ်မှတ်ထားသည့်အဆင့်အလိုက် ပြိုင်ပွဲဝင်များကလည်းကောင်း အသီးသီးယှဥ်ပြိုင်ကြရာ ပဲခူးတိုင်းဒေသကြီးပြိုင်ပွဲကျင်းပရေးကော်မီဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်ဦးခင်မောင်တင့်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များက ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲအားကျင်းပပြီးနောက် ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားအားကျင်းပရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ဆုရရှိသူများအား ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး ပြိုင်ပွဲဝင်များက အောင်စေပိုင်စေသီချင်းသီဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပဲခူးခရိုင်အဆင့်ပြိုင်ပွဲတွင် ပဲခူးခရိုင်အတွင်းရှိ ပဲခူး၊ ကဝ၊ ဝေါ၊ သနပ်ပင်စသည့်မြို့နယ်အသီးသီးမှ ဝါသနာရှင်အဆင့်(၂၁)ဦး၊ အခြေခံပညာအဆင့်(၃၆)ဦး စုစုပေါင်းပြိုင်ပွဲဝင်(၅၇)ဦး ပါဝင်ယှဥ်ပြိုင်ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)