ပေါင်းတည် သြဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မိုးစပါး မြေသြဇာကြဲပက်ပွဲ၊ ပေါင်းလိုက်သမန်းနှိုးခြင်းနှင့် တောင်သူအသိပညာပေး အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကြူတောကန်ကျေးရွာအုပ်စု၊ ကြူတောကန်ကျေးရွာ၊ စံပြစိုက်ကွက်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဦးစီးမှူးများ၊ ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မိုးစပါး ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးမင်း က စိုက်ပျိုးမြေဆီလွှာဖွံ့ဖြိုးရေးအတွက် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ပေါင်းစပ်သုံးစွဲနိုင်ရေး၊ ပုလဲဓာတ်မြေသြဇာ ၁ဆ၊ သဘာဝမြေသြဇာ ၃ဆနှင့် သစ်စိမ်းမြေသြဇာ၏ အကျိုးသက်ရောက်မှုများကို အသိပညာပေးရှင်းလင်းဟောပြောကာ တောင်သူပညာပေး လက်ကမ်းစာစောင်များကို စိုက်ပျိုးရေးဝန်ထမ်းများက ဝေငှပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စိုက်ပျိုးရေးဝန်ထမ်းများက ကြူတောကန်ကျေးရွာ၊ အကွက်အမှတ် ၁၀၉၄၊ တောင်သူ ဦးအေးကိုနှင့် တောင်သူ ၃ ဦးတို့၏ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော ရက် ၉၀ စပါးစိုက်ခင်း၌ ပေါင်းလိုက်သမန်းနှိုးခြင်းနှင့် ပေါင်းစပ်မြေသြဇာကြဲပက်မှုများကို ဆောင်ရွက်ကြရာ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)