သရက်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ (လ-၃) ၌ ဥပဒေရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

သရက် ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ သရက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ (လ-၃) ၌ ဗလငါးတန်နှင့်ပြည်စုံသော လူငယ်လူရွယ်များ ပေါ်ပေါက်လာစေရေး၊ လိမ္မာယဉ်ကျေးမှုရှိစေရေး၊ ဥပဒေအား ငယ်စဉ်ကတည်းက သိရှိလိုက်နာစေရေးတို့ကို ရည်ရွယ်၍ ကျောင်းသား၊ ကျောင်းသူများအား ဥပဒေရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျောင်းသား၊ ကျောင်းသူတိုင်း သိသင့် သိထိုက်သော ဥပဒေများ၊ ဆောင်ရန်/ ရှောင်ရန်များနှင့် လိုက်နာရမည့် စည်းကမ်းများကို အသိပညာပေးပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲမှူးစန်းဦးက ပြစ်မှု၊ ပြစ်ဒဏ်နှင့် မှုခင်းဆိုင်ရာများအကြောင်း အသိပညာပေးဟောပြောပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်နွေးနွေးလင်းက ဥပဒေရေးရာနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို ဟောပြောခဲ့သည်။ ယင်းနောက် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(သရက်)