ငဖဲမြို့နယ်၌ မိုးစပါးနှင့်အခြားမိုးသီးနှံ ၂၇၈၂၄ ဧက စိုက်ပျိုးပြီးစီး

ငဖဲ ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးသီးနှံများစိုက်ပျိုးရာသီ၌ မိုးစပါးသီးနှံနှင့် အခြားမိုးသီးနှံ ၂၉၄၆၄ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ၂၇၈၂၄ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

ငဖဲမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မန်းချောင်းရေလှောင်တမံဆည်ရေ၊ ရင်းရှည်ရေလှောင်တမံဆည်ရေ၊ ဆည်ငယ်၊ ကန်ငယ်နှင့် မိုးကောင်းသောက်ရေတို့ကို အဓိကအားထားပြီး နွေ၊ မိုး၊ ဆောင်း ရာသီအလိုက်သီးနှံများကို စိုက်ပျိုးလုပ်ကိုင်စားသောက်ကြသည်။ သီးနှံများစိုက်ပျိုးရာသီတွင် တောင်သူများ စိုက်ပျိုးရေအခက်အခဲမဖြစ်ပေါ်စေရေးအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မန်းချောင်းရေလှောင်တမံမှ ဆည်ရေကို လက်ဝဲ၊ လက်ယာမြောင်းမကြီးတစ်လျှောက် စနစ်တကျဆည်ရေဖြန့်ဝေပေးသည့်အတွက် တောင်သူများစိုက်ပျိုးသော သီးနှံများအောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ယခု ၂၀၂၃ ခုနှစ် မိုးသီးနှံများစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံဆည်ရေ၊ ရင်းရှည်ရေလှောင်တမံဆည်ရေ၊ ဆည်ငယ်၊ ကန်ငယ်နှင့် မိုးကောင်းသောက်ရေတို့ကို အမှီပြု၍ မိုးစပါးသီးနှံဧက (၇၉၅၂)ဧက၊ နှံစားပြောင်း (၁၈၄)ဧက၊ အစေ့ထုတ်ပြောင်းနှင့်ဖူးစားပြောင်း(၅၀၆)ဧက၊ ဆီထွက်သီးနှံ (၁၁၄၂၄)ဧက၊ ချည်မျှင်ရှည်ဝါ(၁၄၃၆)ဧက၊ ပဲအမျိုးမျိုး(၂၈၂၃)ဧက၊ ငရုတ်(၃၀၃)ဧက၊ ကျွဲနွားတိရစ္ဆာန်အစာ (၂၆၁၀)ဧက၊ ဝဉ(၂၁၆)ဧက၊ ဟင်းသီးဟင်းရွက် (၃၀၃)ဧကနှင့် ကြက်ဆူကြား(၆၇)ဧက ယနေ့ထိစုစုပေါင်း (၂၇၈၂၄)ဧက စိုက်ပျိုးပြီးစီးပြီး မိုးစပါးနှင့်အခြားမိုးသီးနှံများစိုက်ပျိုးမှု လျာထားချက်ပြည့်မီရေး ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့်အခြားမိုးသီးနှံများစိုက်ပျိုးရာသီတွင် သီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ၊ သွင်းအားစုပစ္စည်းများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကိုလည်း သက်ဆိုင်ရာဌာနများမှ ကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး Online မှလည်း အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)