ထားဝယ်မြို့နယ်အတွင်း အခြေခံသမဝါယမအသင်းများမှ အသင်းသားတောင်သူများအား ချေးငွေ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ထားဝယ် ဩဂုတ် ၃၁

တနင်္သာရီတိုင်းဒေသကြီးအတွင်း (၂၀၂၃ - ၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် သမဝါယမကဏ္ဍမှ မိုးစပါးဧက (၆၀၄၀) စိုက်ပျိုးရေးစီမံကိန်း တစ်ဧကအထွက်နှုန်း တိုးစေရေး (မြစိမ်းရောင်) အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထားဝယ်မြို့နယ်အတွင်း အခြေခံသမဝါယမအသင်းများမှ အသင်းသားတောင်သူများအား ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက  ထားဝယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်၊

အစည်းအဝေးတွင် မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌကိုယ်စား ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောအောင်မွန်က အသင်းသား တောင်သူများအနေဖြင့် ယနေ့ထုတ်ချေးပေးလိုက်သော မတည်ချေးငွေများကို မိမိတို့၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးချပြီး အောင်မြင်ဖြစ်ထွန်းသော စိုက်ခင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်)ကြီးကြပ်မှုကော်မတီ ဒုဥက္ကဋ္ဌ ဦးထွန်းထွန်း၊ အတွင်းရေးမှူး ဒေါ်ဝါဝါလွင်နှင့် တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးသိန်းဝင်းတို့က ထားဝယ်မြို့နယ်အတွင်း မိုးစပါး ရာသီတွင် မိုးစပါးဧက (၆၀၄၀) အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်၍ မိုးစပါး တောင်သူများအား လယ်တစ်ဧကလျှင် ငွေကျပ် (၂) သိန်းနှုန်းနှင့် ညီမျှသော မျိုးစပါး၊ သွင်းအားစုများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ချေးငှားပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍တာဝန်ရှိသူများက ထားဝယ်မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ (၆) ခုမှ အသင်းသား တောင်သူ (၂၀) ဦး ၊ စိုက်ပျိုးမည့်ဧက (၅၇၈) ဧကအတွက် မတည်ငွေကျပ်(၁၁၅၆) သိန်းအား အခြေခံသမဝါယမအသင်း အမှုဆောင်များထံသို့ လွှဲပြောင်းထုတ်ချေးပေးခဲ့ကြောင်း သတင်းရသည်။

ငွေဇင်ယော်(ထားဝယ်)