ထားဝယ် ဩဂုတ် ၃၁
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေများကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure -SOP) ရေးဆွဲပြုစုရေး တိုင်းဒေသကြီးလုပ်ငန်းကော်မတီ(ပထမအကြိမ်)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ ၁၀နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေများကို အခြားနည်း သုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်း စံနှုန်း (Standard Operating Procedure -SOP) ရေးဆွဲပြုစုရေး တိုင်းဒေသကြီးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ဥယျာဉ်မြေနှင့်လယ်ယာမြေ(၂)မျိုးရှိပြီးအခြားနည်းသုံးစွဲနိုင်ရေးအတွက် လယ်ယာမြေဥပဒေသစ် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေနှင့် လယ်ယာမြေစီမံခန့်ခွဲမှုဥပဒေများဖြင့် ဆောင်ရွက်နေမှု များ ရှိကြောင်း၊ လယ်ယာမြေများကို အခြားနည်းသုံးစွဲထားမှုများ၊ လယ်မြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအား အခြားနည်းသုံးစွဲခွင့်မရဘဲ သုံးစွဲထားသည့် မြေများအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့မှုများ၊ လယ်မြေများကို ခွင့်ပြုချက်ရယူမှုမရှိဘဲ အခြားနည်းသုံးစွဲသောကြောင့် လယ်မြေများ တဖြည်းဖြည်း လျော့ကျလာသည်ကို တွေ့ရကြောင်း၊ လယ်မြေများအား တားဆီးနိုင်မည့် နည်းလမ်းများကို ကော်မတီဖြင့် ဖွဲ့စည်းပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လယ်ယာမြေအရေးကိစ္စနှင့် ပတ်သက်၍ ဂရုတစိုက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လယ်မြေများ လျော့နည်းမသွားစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရမည့် နည်းလမ်းများအား ဥပဒေရေးဆွဲ၍ ကာကွယ်ရမည့် နည်းလမ်းများကို အကြံဉာဏ်ပေးရန်နှင့် လိုအပ်သည်များကို ဝိုင်းဝန်းပြီးဆွေးနွေးပေး ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလုပ်ငန်း ကော်မတီတွဲဖက်အတွင်းရေးမှူး၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းလင်းဦးက ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက ပြန်လည်ဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေး တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)