ဘားအံ၌ ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

ဘားအံ ဩဂုတ် ၃၁

ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ခရေလမ်းရှိ ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က ဥပဒေအရာရှိများ၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီး ဥပဒေရေးရာဝန်ကြီးဌာန၏ ဂုဏ်ကိုမြှင့်တင်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဥပဒေအရာရှိ ဦးတင်မြင့်ဦးက ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသော  ခရိုင်၊ မြို့နယ် ဥပဒေအရာရှိများ၊ ဝန်ထမ်းများနှင့်အတူ ဥပဒေရေးရာဝန်ကြီးဌာနမှ ပေးပို့သော နှစ်ပတ်လည်နေ့ အခမ်းအနား အထိမ်းအမှတ် Video Clip အား အတူတကွ ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဗလာမပါ ကံစမ်းမဲများ ဖွင့်ဖောက်ပေးခဲ့ပြီး ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေအရာရှိတို့က ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြည်နယ်ဥပဒေချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)