ပြည် သြဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပြည်မြို့ Prome Gardern ဟော်တယ်၌ ယမန်နေ့ နံနက် ၈နာရီအချိန်က မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ပြည်ခရိုင်) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ( AML/CFT) အသိပညာပေးဆွေးနွေးပွဲနှင့် Professional အိမ်ခြံမြေအခြေခံသင်တန်း (၃/၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) အတွင်းရေးမှူး ဒေါ်မိုးမိုးထွန်းက နှုတ်ဆက်စကားနှင့် သင်တန်ဖွင့်လှစ်ခြင်းရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ပြည်) ဥက္ကဋ္ဌဦးမောင်မောင်တိုးနှင့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ ရန်ကုန်တိုင်းဥက္ကဋ္ဌ ဒေါ်မြတ်မိုမိုတို့က အိမ်ခြံမြေလုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။
အဆိုပါသင်တန်းသို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်ဇော်အပါအဝင် သင်တန်းဆရာ (၅) ဦးတို့က သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းကို နံနက် ၈နာရီမှ ညနေ ၄နာရီထိ သြဂုတ်လ ၃၀ ရက်မှ သြဂုတ်လ ၃၁ ရက်နေ့ထိ (၂)ရက်တာဖြင့် Online အရောင်းအဝယ်လုပ်ငန်း၊ အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်း၊ AML/CFT ဆိုင်ရာတင်ပြချက်၊ မြေသိမ်းခြင်းကိစ္စ (Land Acquisition) ဆောင်ရွက်ချက်၊ PERSONALITY DEVELOPMENT ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်ရေး၊ မြေအကြောင်း၊ စာချုပ်စာတမ်း မှတ်ပုံတင်လုပ်ငန်းနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်များကို သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ သင်တန်းဆရာများ၊ သင်တန်းသား/သင်တန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုစိုး (ပြည်)