ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ် (၇၉၀၂)သိန်း ထုတ်ချေးပေးပြီးဖြစ်

ငဖဲ  ဩဂုတ် ၃၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ဩဂုတ်လ (၃၀)ရက်နေ့ ယနေ့နံနက်ပိုင်းက ချောင်းဖြူကျေးရွာအုပ်စုမှ တောင်သူ (၁၁၄)ဦး၏ စပါး (၃၂၆) ဧကနှင့် နှမ်းသီးနှံစိုက်ဧက(၂၉၈)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် (၇၈၇)သိန်းကို ဆက်လက်ထုတ်ချေးပေးခဲ့ပြီး ယနေ့ထိ  မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ် (၇၉၀၂)သိန်းထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီးရရှိစေရေးနှင့် သီးနှံများအချိန်မီစိုက်ပျိုးနိုင်ပြီး တောင်သူများလူမှုစီးပွားဘဝ အဆင်ပြေစေရန် ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကြောင်း၊ ယခင်နှစ်မိုးသီးနှံ ချေးငွေအရင်း၊ အတိုးပြေကျေစွာပေးဆပ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ()ရှိသည့် တောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်သန်းသန်းဆင့်က ပြောကြားသည်။

ငဖဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးနိုင်ရေးအတွက် ကျေးရွာအုပ်စု(၂၃)အုပ်စုမှ တောင်သူဦးရေ(၂၃၀၀)ကို ချေးငွေကျပ်သိန်း (၁၅၀၀၀)အား ထုတ်ချေးပေးရန် လျာထားပြီး ယနေ့ထိ စပါးသီးနှံစိုက်တစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းနှုန်း၊ အခြားသီးနှံ စိုက်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ကျေးရွာအုပ်စု (၁၉) အုပ်စုမှ တောင်သူ( ၁၅၈၄)ဦး၏ စပါးသီးနှံစိုက်ဧက (၃၁၂၂)ဧက၊ နှမ်း (၃၁၉၅) နှင့် ပဲတီစိမ်းသီးနှံစိုက် (၂၄)ဧက စုစုပေါင်း သီးနှံစိုက်ဧက (၆၃၄၁) ဧကတို့အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် (၇၉၀၂)သိန်းကို ထုတ်ချေးပြီးဖြစ်ကြောင်းနှင့် ထုတ်ချေးပေးရန် ကျန်ရှိသည့် ကျေးရွာအုပ်စု()အုပ်စုမှ တောင်သူများကိုလည်း သတ်မှတ်ကာလအတွင်း အပြီးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

မယု(ငဖဲ)