ဖြူး ဩဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ငှက်ကြီးသိုက်စံပြကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သော Smart Village ကျေးရွာ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇော်မျိုးနောင်မှ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်မှ Smart Village နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဌာနအလိုက်အသိပညာပေး ဟောပြောခြင်းများ၊ ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းများ၊ ကျေးရွာတွင်းလမ်းများ၊ ကုန်ထုတ်လမ်းများ၊ ကျေးရွာသောက်သုံးရေရရှိရေးနှင့် အခြေခံအဆောက်အဦများကို နှစ်အလိုက်ဆောင်ရွက်ပေးမည့် အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ Smart Village ကျေးရွာစီမံကိန်းလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်လျာထားဆောင်ရွက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ (၃)နှစ်တာကာလ ထပ်မံဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ငှက်ကြီးသိုက်စံပြကျေးရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန် ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)