ပေါက်ခေါင်း ဩဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ကျေးရွာများရှိ မိုးမြေပဲစိုက်ပျိုးသည့်တောင်သူများ ယခုရက်ပိုင်းအတွင်းစတင်နှုတ်သိမ်းနေပြီဖြစ်ရာ မိုးဦးမိုးရွာသွန်းမှုအားကောင်းသောကြောင့် အပင်ဖြစ်ထွန်းမှုနှင့်ဥနှုန်းအားကောင်းသဖြင့် ရောင်းချသည့်အချိန်တွင် ယခင်နှစ်ကထက်ဈေးကောင်းရရှိကြောင်း မိုးမြေပဲစိုက်တောင်သူတစ်ဦးထံမှကြားသိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးဦး မိုးရွာသွန်းမှုအားကောင်းသောကြောင့် မိုးမြေပဲကို မေလလယ်မှစတင်စိုက်ပျိုးခဲ့ကြောင်း၊ မိုးမြေပဲစိုက်ပျိုးချိန်မှစတင်၍ မိုးရေချိန်၊ အပူအအေးမျှတသဖြင့် အပင်နှင့်အသီးဖြစ်ထွန်းမှုအားကောင်းပြီး အထွက်နှုန်းလည်းတိုးတက်ကောင်းမွန်ကြောင်း မြေပဲစိုက်တောင်သူများထံမှ သိရသည်။
"မိုးမြေပဲကို မေလလယ်က စတင်စိုက်ပျိုးပြီးတော့ စတင်စိုက်ပျိုးချိန်ကနေ အခုနှုတ်သိမ်းချိန်ထိ (၃)လကြာမြင့်ပါတယ်၊ ခုနှစ်က စိုက်စရိတ်ရယ်၊ ပိုးသတ်ဆေး၊ မြေဆီဈေး တွေပိုပြီးအသုံးပြုရတယ်၊ ဈေးမြင့်လာတယ်ပေါ့၊ ဒီနှစ်မြေပဲပေါ်ချိန်မှာတော့ အခွံပါ(၁၈)ပြည်တင်းနဲ့ တစ်တင်းကို(၄၀၀၀၀)ကျပ်ဈေးနဲ့ရောင်းရတယ်၊ ပြီးခဲ့တဲ့နှစ်ကတော့(၂၀၀၀၀)ကျပ်ပဲရတယ်၊ အခွံခွာပြီး မြေပဲဆံကတော့ တစ်ပိသာကို ကျပ် ၈၀၀၀ ရရှိပါတယ်၊ အထွက်နှုန်းကတော့ ယခုနှစ်တစ်ဧကကိုတင်း ၆၀ ကျော် ၇၀ လောက်ထွက်ပါတယ်"ဟု စောကဲကျေးရွာ မိုးမြေပဲစိုက်ပျိုးသည့်တောင်သူ ဦးအေးလွင်ကပြောကြားသည်။ ပေါက်ခေါင်းမြို့နယ်တွင် ဆီထွက်သီးနှံမိုးမြေပဲ(၁၅၃၃၄)ဧကကို တောင်သူများ၏ လယ်ယာစိုက်ပျိုးမြေများတွင် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)