စစ်ကိုင်းခရိုင်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံနည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ

စစ်ကိုင်း ဩဂုတ် ၃၁

စစ်ကိုင်းခရိုင်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စပါးသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေး မျိုးကောင်းမျိုးသန့်သုံးစွဲခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျရောစပ်အသုံးပြုခြင်းနှင့် ပိုးမွှားရောဂါ စနစ်တစ်ကျကာကွယ်နှိမ်နှင်းခြင်း နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က တောင်သူများအား ဖိတ်ခေါ်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံကနည်းပညာများ ဖြန့်ဝေပေးသွားမှာဖြစ်တဲ့အတွက် လေ့လာမှတ်သားပြီး လက်တွေ့အကောင်းအထည်ဖော် ဆောင်ရွက်ကြဖို့ အဖွင့်အမှာ စကားပြောကြားပြီး အဖွဲ့ဝင်(၂)၊ ဦးတိုးဝေက တောင်သူများရဲ့ဘဝ ဖွံ့ဖြိုးတိုးရေးအတွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးသွားဖို့ ဆွေးနွေးပြောကြားကာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာလွင်က မိုးသီးနှံများ ပန်းတိုင်အထွက်တိုးရရှိစေရန် ကျေးရွာတောင်သူများအား ယခုလိုဖိတ်ခေါ်ပြီး နည်းပညာများ ဖြန့်ဖြူးပေးနေသလို ကျေးရွာများအရောက် ကွင်းဆင်း၍လည်း မိမိတို့ဌာနအနေဖြင့် နည်းပညာများဆွေးနွေးပေးကာ လက်တွေ့သရုပ်ပြ ပွဲများလည်းဆောင်ရွက်ပေးခဲ့ကြောင်း ဆွေးနွေး၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်ဦးက နည်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရ ခြင်း ရည်ရွယ်ချက်များကို အသေးစိတ် ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ ခရိုင်မြေမျိုးပိုးတာဝန်ခံများက မြေယာများရွေးချယ်မှု၊ မျိုးကောင်းမျိုးသန့် စိုက်ပျိုးမှုနှင့် ပိုးမွှာအန္တရာယ်ကာကွယ်မှု အခြေအနေများနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် နည်းပညာများ ဖြန့်ဝေပေးခဲ့ကြပြီး စစ်ကိုင်းခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး (ရေအရင်းအမြစ်)နှင့် (ဆည်မြောင်း)တို့မှ တာဝန်ရှိသူများက ဆိုလာစနစ်ဖြင့်ရေပေးဝေမှု နည်းပညာများဆွေးနွေးကာ တောင်သူများအား လက်တွေ့သရုပ်ပြသပေးခဲ့ကြကြောင်းသိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)