သာယာဝတီမြို့နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲကျင်းပ

သာယာဝတီ သြဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးခရိုင်အဆင့်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက သာယာဝတီမြို့ ဆရာစံခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦး၊ အဖွဲ့ဝင်-၂ ဦးမြင့်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြန်မာတိုင်းရင်းသား လူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရန်၊ ယဥ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဥ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အနုပညာရှင်များနှင့် အမှတ်ပေးအကဲဖြတ်ဒိုင်လူကြီးများအား ကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက အဆို၊ အက၊ အရေး၊ အတီးကို မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ်၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေး၊ အက၊ ကဗျာလွတ်၊ ကွက်စိတ်၊ ပတ္တလား၊ စန္ဒယား၊ တယော၊ နှဲ၊ ဆိုင်းဝိုင်းကြီး၊ အိုးစည်၊ ဒိုးပတ်စသည့် ဘာသာရပ်များအလိုက် ယှဥ်ပြိုင်ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ အကဲဖြတ်ဒိုင် ဆရာ/ဆရာမများ၊ မိဘများက ပြိုင်ပွဲဝင်များ၏ ယှဥ်ပြိုင်မှုအားကြည့်ရှု အားပေးခဲ့ကြသည်။

ပြိုင်ပွဲအပြီးတွင် အဆို၊ အက၊ အရေး၊ အတီး ဘာသာရပ်များ၌ အဆင့်အလိုက် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစန်းဝင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများချီးမြှင့်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)