ဝါးခယ်မ ဩဂုတ် ၃၁
သာသနာတော်နှစ် ၂၅၆၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ သကျမဟာသီရိဘုရားကြီး နောင်တော်ကြီးတန်ဆောင်းအတွင်း ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့ (၆၂)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားသို့ နိုင်ငံတော်သံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သာသနာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဦးနုနှလုံးသား ဓမ္မစကူးလ်သင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများတက်ရောက်၍ အခမ်းအနားမစတင်မီ သာသနာ့အောင်လံတော်အား လွှင့်ထူပူဇော်ခြင်း နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃာ့ဝန်ဆောင် အောက်သက္ကယ်ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ခြင်း၊ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်ကြီးများမှ ပရိတ်တရားတော်များချီးမြှင့်ခြင်း၊ ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့ ဩဝါဒကထာချီးမြှင့်ခြင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီး ဒေါ်သန်းသန်းနု ပေးပို့သော ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ဆုတောင်းပဋ္ဌနာ (၆၂)နှစ်မြောက် ဝမ်းမြောက်ကြောင်းစာလွှာအား ဖတ်ကြားခြင်း၊ သဝဏ်လွှာများ၊ နိုင်ငံတော်ဘာသာဥပဒေများဖတ်ကြားခြင်း၊ နိုင်ငံတော်ဘာသာနေ့ ဖြစ်ပေါ်လာပုံသမိုင်းအား ဖတ်ကြားလျှောက်ထားခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကိုအောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)