ပခုက္ကူတက္ကသိုလ်၌ ဝိဇ္ဇာ/သိပ္ပံဘာသာရပ်ပေါင်းစုံ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကျင်းပ

ပခုက္ကူ ဩဂုတ် ၃၁

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ တက္ကသိုလ်အနုပညာအသင်းက ကြီးမှူးကျင်းပသော ဝိဇ္ဇာ/သိပ္ပံဘာသာရပ်ပေါင်းစုံ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က “အနာဂတ်မျိုးဆက်သစ်ကျောင်းသား လူငယ်များအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို သိရှိနားလည်ပြီး တန်ဖိုးထားလေးစားမြတ်နိုးတတ်စေရန်၊ မြန်မာ့ရိုးရာအနုပညာယဉ်ကျေးမှုနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်၊ တက္ကသိုလ်အဆင့်ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံဂုဏ်ဆောင် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန်” ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း တိုက်တွန်းအမှာစကားပြောကြားသည်။

ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။

ဆက်လက်၍ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်လူကြီးများအဖြစ် ပါဝင်ဆောင်ရွက်ပေးမည့် ဒိုင်ချုပ်နှင့် ဒိုင်လူကြီးများနေရာယူကြပြီး ပခုက္ကူတက္ကသိုလ်၊ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ကျောင်းသူ(၁၆)ဦးတို့က သတ်မှတ်တေးသီချင်းလေးပုဒ်စီဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)