အထက်မင်းလှ ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီက မန်းသံပုရာကန် အခြေခံပညာအထက်တန်းကျောင်းခွဲခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကား ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မင်းလှမြို့မစခန်းမှူး၊ ဒုရဲမှူးကျော်သန်းထွဋ်က လူကုန်ကူးမှုအန္တရာယ်အကြောင်းအရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစန်းမင်းက နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ဆောင်ရွက်ပေးနေမှုများနှင့် လူကုန်ကူးမှုအန္တရာယ် အကြောင်းအရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်မာမာအေးက သွေးလွန်တုပ်ကွေးရောဂါ အကြောင်းနှင့်ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် အကြောင်းအရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာငြိမ်းကစာဖတ်ခြင်း အကျိုးနှင့်လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းများဟောပြောဆွေးနွေးခဲ့ပြီး၊ ဒုတိယပညာရေးမှူး ဦးပြည့်ဖြိုးအောင်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းအား ကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါလူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူများ လူငယ်များလိမ္မာ ယဥ်ကျေးစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ၊ဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား “သွေးလွန်တုပ်ကွေးကင်းဝေးရေး အားလုံးပူးပေါင်း ဆောင်ရွက်ပေး” နှင့် “သွေးလွန်တုတ်ကွေးတိုက်ဖျက်ရေး အားလုံးပါဝင် ဆောင်ရွက်ပေး” စသည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)