သရက် ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး သရက်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(အလက-၃)၌ ဥပဒေရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ၁နာရီခွဲကကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ ကျောင်းသား၊ကျောင်းသူတိုင်းအတွက် သိသင့်သိထိုက်သော ဉပဒေများ ၊ ဆောင်ရန်/ရှောင်ရန်များကို ပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအကြောင်း ရှင်းလင်းပေးခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲမှူးစန်းဦးက ပြစ်မှုပြစ်ဒဏ်နှင့် မှုခင်းဆိုင်ရာများအကြောင်း အသိပညာပေးဟောပြောပြီး မြို့နယ်ဉပဒေအရာရှိ ဒေါ်နွေးနွေးလင်းက ဉပဒေဆိုင်ရာအကြောင်းအရာများကို ဟောပြောခဲ့သည်။ ယင်းနောက် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)