ပုသိမ် ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အရိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ ယမန်နေ့ နေ့လယ်ပိုင်းတွင် ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျိုက်လတ်မြို့နယ်မှ တိုင်းဒေသကြီးပြင်ပသို့ နေ့စဉ် ဆန်တင်ပို့မှုအခြေအနေများ၊ ခရိုင်စားသုံးသူ ရေးရာဦးစီးမှူးက စပါးလက်ကျန်၊ ဆန်လက်ကျန် စာရင်းများ ကောက်ယူမှုအခြေအနေများနှင့် ဆန်စက်လုပ်ငန်းရှင်များက ဈေးကွက်သို့ ဆန်တင်ပို့ရောင်းချမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “တိုင်းဒေသကြီးသည် ဆန်ဖူလုံမှုရှိပြီး ပြည်တွင်း ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း၊ အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် အခြေခံလူတန်းစားများ ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ စပါးခွံလောင်စာဖြင့် Gasifier လုပ်ငန်း၊ လောင်စာတောင့်လုပ်ငန်း၊ သဘာဝမြေဩဇာလုပ်ငန်း၊ လျှပ်စစ်ထုတ်လုပ် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအောင်မြင်စေရန် အတွက် ဆန်စက်လုပ်ငန်းရှင်များကလည်း ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း" အမှာစကားများ ပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဆန်စက်လုပ်ငန်းရှင်များမှ ဆွေးနွေးတင်ပြမှုများအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရန်ကုန်-ပုသိမ် ကားလမ်းဘေးရှိ ရွှေရည်ဝင်း ငါးမွေးမြူရေးလုပ်ငန်းသို့ သွားရောက်၍ ကိုယ်ပိုင်အစာတောင့် စက်ဖြင့် ငါးအစာတောင့်ထုတ်လုပ်၍ ငါးအစာကျွေးခြင်း၊ ငါးဒန်၊ ငါးမုတ်၊ ငါးမြစ်ချင်း၊ ငါးကြင်းမွေးမြူ ထားရှိမှုများကို ကြည့်ရှုအားပေးပြီး ဈေးကွက်အတွင်း စျေးနှုန်းသက်သာစွာ တင်ပို့ရောင်းချနိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်ရေး၊ ယခုအချိန်တွင် ငါးအစာများ ဈေးနှုန်း ကြီးမြင့်နေသဖြင့် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများထံသို့ ငါးအစာတောင့် များအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးနိုင်ရေး မှာကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)