လွိုင်ကော်မြို့၌ ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

လွိုင်ကော် ဩဂုတ် ၃၁

ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ကယားပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယား​ပြည်နယ် ဥပဒေချုပ်ရုံးရှိ ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများအား ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ပြောကြားသည့် Video Message အားပြသပြီး ဥပဒေရေးရာဝန်ကြီးဌာနနှင့် အဆင့်ဆင့်သော ဥပဒေရုံးများ၏ လှုပ်ရှားဆောင်ရွက်မှု Video Clip အားပြသခဲ့သည်။

ဆက်လက်၍ ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ကယားပြည်နယ်ဥပဒေချုပ် ဦးကြည်မြိုင်နှင့် ပြည်နယ်ဥပဒေအရာရှိ ဦးသိန်းထွန်းတို့က ပြောကြားသည့် Video Message အားပြသခဲ့ပြီး "အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူခြင်းတွင် ပြစ်မှုအင်္ဂါရပ်များနှင့် ပြစ်ဒဏ်သတ်မှတ်ချက် တို့ကိုကိုက်ညီစွာ တရားစွဲနိုင်ရေးအတွက် ပြည့်စုံမှန်ကန်စွာ ဥပဒေအကြံဉာဏ်ပေးခြင်း" ခေါင်းစဉ်စာတမ်းဖြင့် ပထမဆုရရှိသည့် အစုအဖွဲ့အား ကယားပြည်နယ် ဥပဒေချုပ်ရုံး၊ ဒုပြည်နယ် ဥပဒေအရာရှိ၊ ဦးမိုးသူအောင်က ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ဒုပြည်နယ်ဥပဒေအရာရှိနှင့် တာဝန်ရှိသူများကဥပဒေရေးရာ ဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ခြင်းခတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အသင်းနှင့် အထူးဆုရရှိသည့် အသင်းများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်ရုံးရှိ ရုံးဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ရုံးဝတ်စုံများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြ​ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)