ဧရာဝတီတိုင်းဒေသကြီးအတွင်း နေကြာသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များ၏ ပညာပေးသင်တန်း ဆောင်ရွက်မှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ရှင်းလင်းတင်ပြ

ပုသိမ် ဩဂုတ် ၃၁

၂၀၂၃-၂၀၂၄ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း နေကြာသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များ၏ ပညာပေး သင်တန်း ဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်းတင်ပြသည့် အခမ်းအနားအား  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယမန့်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ သုတေသနအရာရှိက တိုင်းဒေသကြီးအတွင်းရှိ နေကြာစိုက်တောင်သူများအား ဩဂုတ်လ ၂၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ တောင်သူ နည်းပညာပေးသင်တန်းများတွင် တောင်သူများမှ ဆွေးနွေးမေးမြန်းမှုများအပေါ် ဖြေကြားချက်များ၊ တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေး တိုင်းဒေသကြီးဖြစ်ပြီး ဆန်ဖူလုံမှုရှိသော်လည်း ပန်းတိုင် အထွက်နှုန်းကို ရောက်ရှိအောင် ဆောင်ရွက်နေ ပါကြောင်း၊ ပဲမျိုးစုံဧက(၁၆)သိန်းကျော် စိုက်ပျိုးပြီး ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာကိုလည်း နှစ်အလိုက် တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ နေကြာစိုက်ပျိုးဖြစ်ထွန်း အောင်မြင်စေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှု ရရှိအောင် ဆီထွက်သီးနှံနေကြာကို တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ရာ ဆီစက်များကို အဆင့် မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် နည်းပညာနှင့် ကျွမ်းကျင်ပညာရှင်များ လာရောက်ကွင်းဆင်းပေးခဲ့သဖြင့် ကျေးဇူးတင်ပါကြောင်း၊  မျိုးကောင်းမျိုးသန့် များအား တောင်သူများထံသို့ အချိန်မီရောက်ရှိနိုင်ရန်နှင့်  မျိုး၊ မြေ၊ ရေ၊ နည်းစနစ်မှန်ရန် အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် နေကြာစိုက်ပျိုးရာ၌ အထောက်အကူပြုသည့် ပျားမွေးမြူရေးသင်တန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပြီး လိုအပ်ချက်များကိုလည်း ထပ်မံဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အတွင်း၌ပင် ပျားမွေးမြူ ထုတ်လုပ်နိုင်​ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  တိုင်းဒေသကြီး အတွင်းဆီဖူလုံမှုရှိစေရေး အတွက်လည်း ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျွမ်းကျင်ပညာရှင်များအနေဖြင့်လည်း နေကြာစိုက်ပျိုးမှု အောင်မြင်ရေးအတွက် ပါဝင်ကူညီ ပေးကြစေလိုကြောင်းနှင့် တောင်သူ များအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေး သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း” ပြောကြားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)