ဂန့်ဂေါမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

ဂန့်ဂေါ ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ဩဂုတ်လ ၂၉ ရက် နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ဂန့်ဂေါမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဥက္ကဋ္ဌ ဒေါ်နန်းစံစံထွေးက အခမ်းအနားကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အနာဂတ်ရဲ့ မျိုးဆက်သစ် ကလေးငယ်များငယ်ရွယ်စဉ်မှစ၍ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်မြင့်မားသည့် ကလေးငယ်များဖြစ်စေရေး၊ မိခင်လောင်းများ ကိုယ်ဝန်ဆောင်စဉ်မှစ၍ ကျန်းမာရေးဗဟုသုတများပြည့်စုံမှသာ မွေးဖွားလာမည့်ကလေးများအတွက် အထောက်အပံ့ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ မိခင်လောင်းများနှင့် ကလေးငယ်များအနေဖြင့် အစာအုပ်စု(၃)စုကို ညီညွတ်မျှတစွာ စားသောက်တတ်စေဖို့ အသိပညာပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး ဦးဇော်ဝင်းက ကိုယ်ဝန်ဆောင်မိခင်လောင်းများအနေဖြင့် ကျန်းမာဖွံ့ဖြိုးသည့် ရင်သွေးငယ်များဖြစ်စေရေးအတွက် ရက်(၁၀၀၀) အာဟာရကို ပြည့်ဝစွာစားသုံးရေးနှင့် ကျန်းမာရေးဆိုင်ရာမှတ်သားဖွယ်ရာများကို ရှင်းလင်းဟောပြောပြီး၊ ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်အေးအေးပြုံးက ကိုယ်ဝန်ဆောင်မိခင်များ အာဟာရမျှတစွာ စားသောက်ရမည့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစားအစာများ၊ အင်အားဖြစ်စေသော အစားအစာများနှင့် ရောဂါကာကွယ်စေသော အစားအစာများစသည့် အစာအုပ်စု(၃)စုကို အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့ကြသည်။

ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဥက္ကဋ္ဌ ဒေါ်နန်းစံစံထွေးနှင့် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်(၁၀)ဦးအား ကြက်ဥ၊ ကုလားပဲ၊ ဂျုံခေါက်ဆွဲနှင့် အိုင်အိုဒင်းဆားများပါဝင်သည့် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ  Folic Acid နှင့် Prenatal ဆေးများတိုက်ကျွေးပြီး၊ ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းပိုင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ ကျောင်းသား/ကျောင်းသူ (၄၇)ဦးအား သံချဆေးနှင့် အာဟာရမုန့်များ ကျွေးမွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မူလတန်းကြိုကျောင်းမှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)