ပွင့်ဖြူ ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ လျော့နည်းပပျောက်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းက အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် စွန့်ပစ်အမှိုက်သရိုက်များ သိမ်းဆည်းခြင်းနှင့် လမ်းဘေး(ဝဲ၊ ယာ)ရှိ စွန့်ပစ်ပလပ်စတစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် စွန့်ပစ်အမှိုက်သရိုက်များနှင့် ပလပ်စတစ်အမှိုက်များ ကောက်ယူရှင်းလင်းဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် သန့်ရှင်းရေးဝန်ထမ်းများပူးပေါင်းအဖွဲ့က အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအနီး ပွင့်ဖြူ-မင်းဘူး - မကွေး သွားကားလမ်း ၊ လမ်းဘေး(ဝဲ ၊ ယာ)ရှိ စည်းကမ်းမဲ့ စွန့်ပစ်ထားသော ပလပ်စတစ်အမှိုက်များကို လိုက်လံကောက်ယူရှင်းလင်း သိမ်းဆည်းခြင်း၊ သစ်ပင်ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းများကို စနစ်တကျသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် သန့်ရှင်းရေးဝန်ထမ်းများ စုပေါင်းအဖွဲ့သည် လယ်ကိုင်းကျေးရွာစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရန် ပလပ်စတစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်ကန်ရှိ အမှိုက်များသိမ်းဆည်းခြင်း၊ လယ်ကိုင်းကျေးရွာစည်ပင်သာယာဈေးမှ ပွင့်ဖြူမြို့အဝင်အထိ လမ်းဘေး(ဝဲ၊ ယာ)ရှိ ပလပ်စတစ်အမှိုက်များ ကောက်ယူရှင်းလင်းသိမ်းဆည်းခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ဒေသခံပြည်သူများအနေဖြင့် မြို့ပြသန့်ရှင်းသာယာလှပရေးနှင့် မြို့ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ မပြုလုပ်ကြရန်နှင့် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)