ယင်းမာပင် ဩဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့် ပူးပေါင်း၍ စာရေးဆရာလယ်တွင်းသားစောချစ်၏ “ပန်းမြိုင်လယ်ကဥယျာဉ်မှူး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသန့်က အဖွင့်အမှာစကားပြောကြားရာတွင် စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိသလို စာပေချစ်သူများအနေဖြင့်လည်း ပြန်/ဆက်ဦးစီးဌာနတွင်ရှိသည့် သုတ/ရသစာအုပ်များကို သွားရောက်ဖတ်ရှုသင့်ကြောင်း၊ ချစ်ကြည်ရေးဆောင်းပါးတွင် ပါရှိသည့် အချင်းချင်းမာန်မာနမထားကြဘဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်ဆက်ဆံကြရမှာဖြစ်ကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်ဝင်းက ယခုကဲ့သို့စာဖတ်ဝိုင်းများဆောင်ရွက်ခြင်းဖြင့် အသိအမြင်ဗဟုသုတတိုးပွားစေပြီး တစ်ဦးနှင့်တစ်ဦးအတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာ ဖြစ်ကြောင်းတို့ကို ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးမျိုးမင်းဦးက ပန်းမြိုင်လယ်ကဥယျာဉ်မှူးစာအုပ်တွင် ပါရှိသည့် အကြောင်းအရာများမှ ကလေးတွေကို လူကြီးဆန်တဲ့စိတ်သွင်းပေးခြင်းကို သဘောကျကြောင်း၊ အတ္တမဆန်ဖို့၊ သဘောထားကြီးဖို့နှင့် ဆရာများ၏တပည့်များအပေါ် ချစ်ခြင်းမေတ္တာကြီးမားပုံတို့ကို လည်းကောင်း၊ ဦးဇင်မင်းဌေးက မိဘဆရာများသည် ကလေးငယ်များကို ဗိသုကာများကဲ့သို့ ဖယောင်း၊ အိုးများပုံသွင်းသလို ပုံသွင်းယူရမည်ဖြစ်ကြောင်း၊ အတ္တမာနမထားဘဲ စည်းစည်းလုံးလုံးနှင့် လုပ်ငန်းများဆောင်ရွက်ပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ဒေါ်မိုးမိုးမြင့်အေးက ဆရာသမား၏ တပည့်များအပေါ်ထားရှိသည့် မေတ္တာတရားတို့ကို ပေါ်လွင်အောင် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြီး တက်ရောက်လာသူ Book Club အဖွဲ့ဝင်များကလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)