ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းကံ့ကော်ရနံ့ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ထားဝယ်မြို့တွင် ကျင်းပ

ထားဝယ် ဩဂုတ် ၃၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းကံ့ကော်ရနံ့ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ပန်းကံ့ကော်ရနံ့ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။

လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီး လူအများရှေ့ စကားပြောဆိုရာ၌ ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတများနှင့် ပြည့်စုံပြီး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျင်းပခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်မှာ ပါသည့် လူမှုရေးဦးတည်ချက်၏ တတိယအချက်ဖြစ်သော  နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန် လူငယ် ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုတဲ့ အချက်အတိုင်း အနာဂတ်မှာ တိုင်းပြည်ကို ဦးဆောင်မယ့် လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်၊ ကာယဗလ ၊ ဉာဏဗလ၊ စာရိတ္တ ဗလ၊ မိတ္တဗလ၊ ဘောဂ ဗလဆိုတဲ့ ဗလငါးတန် ပြည့်ဝစေရန်၊ အသိပညာ ပိုမိုတိုးတက်လာစေရန်နှင့် အခြားသူများကိုလည်း ဗဟုသုတများ မျှဝေတတ်စေရန်၊ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်များ အချင်းချင်း အသိပညာများ ဖလှယ်နိုင်စေရန်၊ တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးမှုများ ရှိလာပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် စသည့် ရည်ရွယ်ချက် များဖြင့် ယခုလိုစကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ထားရှိသည့် ရည်မှန်းချက်အတိုင်း ပန်းတိုင်ကို လှမ်းနိုင်ရန်ဘဝမှာ အောင်မြင်ပြီး တိုင်းပြည်က အားကိုးအားထားပြုရသော လူငယ်များ ဖြစ်ကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်က လူငယ်များ အချင်းချင်း အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ မျှဝေပေးရန်၊ အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင် ကောင်းများဖြင့် အကောင်အထည်ဖော်တည်ဆောက်ရန်နှင့် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတတ်စေရန်၊ လူငယ်များအား နှုတ်မှုစွမ်းရည် တိုးတက်လာစေရန်၊ ကျန်းမာကြံ့ခိုင်သော လူငယ်များ ဖြစ်လာစေရန်၊ စာဖတ်စွမ်းရည်တိုးတက် လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် ပန်းကံ့ကော်ရနံ့ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူများ ဖြစ်ကြသည့် Grade-11 ကျောင်းသား မောင်အောင်မျိုးက လူငယ်နှင့် လူမှုမီဒီယာ၊ Grade-11 ကျောင်းသား မောင်ဥက္ကာမင်းအောင်က လူငယ်နှင့်အားကစား၊ ၊ Grade-7 ကျောင်းသား မောင်ဝင်းဇွဲဗိုလ် က လူငယ်နှင့်စာဖတ်ခြင်း၊ Grade-10 ကျောင်းသူ မနန္ဒာဦးဝေက လူငယ်နှင့်စာရိတ္တ၊ Grade-9 ကျောင်းသူ မအိဇင်မိုးက လူငယ်နှင့် ပေါင်းသင်း ဆက်ဆံရေး၊ Grade-8 ကျောင်းသူ မစုသီရိစံက လူငယ်နှင့် မူးယစ်ဆေးစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသော ကျောင်းသား/သူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးပြီး ပန်းကံ့ကော်ရနံ့ကိုယ်ပိုင် အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းက ကျေးဇူးတင်စကား ပြောကြားကာ တာဝန်ရှိသူများက ဆွေးနွေးပြောကြားသော ကျောင်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းပေးအပ်သည်။

ဆက်လက်၍ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေး နံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များအား ပြသခဲ့ကြောင်းနှင့် စာအုပ်စာစောင်များအား ငှားရမ်းပေးခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)