ချောင်းဦး သြဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဥ်ဖြင့် မိုးစပါးစိုက် တောင်သူများအား သက်သာ သော စျေးနှုန်းနှင့် ယူရီးယား ဓာတ်မြေသြဇာအိတ်များ ရောင်းချပေးခြင်း အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်မှ မိုးစပါး စိုက်ပျိုးရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် နိုင်ငံတော်မှ တိုင်းဒေသကြီး အစီအစဥ်ဖြင့် ယူရီးယား မြေသြဇာများကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ တောင်သူကြီးများနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ လိုအပ်သည့် အခက်အခဲများရှိပါက ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြား ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ယူရီးယားဓာတ်မြေသြဇာ စျေးနှုန်း သက်သာစွာ ရောင်းချပေးရခြင်း၏ ရည်ရွယ်ချက်နှင့် စနစ်တကျ အကျိုးရှိရှိ သုံးစွဲရေး နည်းပညာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် သဘာဝပိုးတားဆေး လက်တွေ့ပြုလုပ် ပြသရာ တက်ရောက်လာသည့် ဧည့်သည်များက ကြည့်ရှုလေ့လာခဲ့သည်။
သက်သာသောစျေးနှုန်းဖြင့် ယူရီးယားဓာတ်မြေသြဇာအိတ်များ ရောင်းချပေးခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်၊ လယ်ယာမြေစီမံခန့်ခွဲရေး စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ စက်မှုလယ်ယာ မြို့နယ်ဦးစီးမှူး၊ ဓာတ်မြေသြဇာ သယ်ယူ ဖြန့်ဖြူးရောင်းချရေး ကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု ၇ အုပ်စုမှ ဒေသခံတောင်သူ ၂၀၀ ဦးခန့် တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများမှ တောင်သူများ လက်ဝယ်သို့ ယူရီးယားဓာတ်မြေသြဇာအိတ်များ ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဥ်ဖြင့် သက်သာသောစျေးနှုန်းနှင့် ဖြန့်ဖြူးရောင်းချပေးနေ သော ယူရီးယားဓာတ်မြေသြဇာအိတ်များအား ယခုအသုတ်တွင် ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၇ အုပ်စုမှ မိုးစပါးစိုက်ပျိုးသည့် တောင်သူ ၅၀၀ ဦးကျော်ထံ ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊ နောက်ရရှိလာမည့် ယူရီးယား ဓာတ်မြေသြဇာအိတ်များကိုလည်း ကျေးရွာအုပ်စု ၂၆ အုပ်စုမှ မိုးစပါး စိုက်ပျိုးသည့် တောင်သူများအား ဆက်လက်ရောင်းချပေးသွား မည်ဖြစ်ကြောင်း၊ ချောင်းဦးမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရန် ၁၇၆၄၃ ဧက လျာထား ထားကြောင်း၊ အစစအရာရာ စျေးနှုန်းများ မြင့်မားနေချိန်တွင် တောင်သူများ စျေးသက်သာစွာ သုံးစွဲနိုင်စေရေး၊ သွင်းအားစုများကို တတ်နိုင် သလောက် လျော့ချပြီး မိမိတို့ထုတ်ကုန်သီးနှံများ အရည်အသွေးမြင့်မားကာ စျေးကောင်းရရှိစေရေး၊ မိုးစပါးသီးနှံအား တောင်သူများ ပိုမိုတိုးချဲ့ စိုက်ပျိုးလာစေရေးနှင့် လျာထားဧကထက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးလာစေရေး၊ ဒေသတွင်း ဝမ်းစာဆန် ဖူလုံစေရေး ရည်ရွယ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး၏ ပြောပြချက်အရ သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)