ပွင့်ဖြူမြို့နယ်၌ ငါးသယံဇာတဖူလုံစေရန် မုန်းချောင်းသဘာဝရေပြင်အတွင်း ငါးမျိုးစိတ်များ စိုက်ထည့်

ပွင့်ဖြူ ဩဂုတ် 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန်နှင့် ငါးသယံဇာတများ ကြွယ်ဝစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၈နာရီက ပွင့်ဖြူမြို့၊ သက်တော်ရှည် ရပ်ကွက်အနီး မုန်းချောင်းသဘာဝရေပြင်အတွင်း ငါးမြစ်ချင်း ငါးမျိုးစိတ်ကောင်ရေ ၁၅၀၀၀၀ အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ငါးမျိုးစိတ်စိုက်ထည့်ပွဲ အခမ်းအနားသို့ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းကိုကိုထွန်းနှင့် ဝန်ထမ်းများ ၊ မြို့နယ်ငါးသားဖောက်စခန်းတာဝန်ခံ ဦးစိုးလှိုင်နှင့် ဝန်ထမ်းများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး ငါးသယံဇာတ ဖူလုံစေရေး အတွက် မုန်းချောင်းသဘာဝရေပြင်အတွင်း နှစ်လက်မအရွယ်ရှိ ငါးမြစ်ချင်း ငါးမျိုးစိတ်ကောင်ရေ ၁၅၀၀၀၀ အား စုပေါင်းမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်းရှိ ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန်နှင့် ငါးသယံဇာတများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် နှစ်စဉ် မြို့နယ်အတွင်းရှိ မြစ်/ချောင်းနှင့် ဆည်တမံများ ၊ စပါးစိုက်လယ်မြေများအတွင်း ငါးမျိုးစိတ်များ စိုက်ထည့်ပေးခြင်းလုပ်ငန်းကို ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့်အပြင် မြို့နယ်ငါးသား ဖောက်စခန်းကလည်း ဒေသခံရေလုပ်သားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေး ရွှေဝါငါးကြင်း ၊ ငါးခုံးမကြီး ၊ ငါးမြစ်ချင်း စသည့် ငါးမျိုးစိတ်များကို မွေးမြူထုတ်လုပ်ကာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းနှင့်  အခြေခံငါးမွေးမြူရေးဆိုင်ရာ သင်တန်းများကိုလည်း အခမဲ့ဖွင့်လှစ်သင် ကြားပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းကိုကိုထွန်းထံမှ သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )