ချောင်းဦး သြဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့တွင် ယမန်နေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး မြို့ပေါ်တွင် ဆေးရောင်းနေသော ဆေးအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းက ဆေးအရောင်းဆိုင်တွေ တရားဝင်ရောင်းတာဖြစ်အောင် အခွန်ပေးဆောင်စေတာတွေ၊ လိုင်စင်သက်တန်းတိုးဖို့တွေ၊ ဆေးဆိုင်တွေကနေ စပ်ဆေးမရောင်းဖို့၊ သက်တန်းလွန်နေတဲ့ ဆေးဝါးတွေဆိုင်တွေမှာ မရှိစေဖို့၊ တားမြစ်ထားတဲ့ ဆေးဝါးတွေမရှိစေဖို့ အဓိကထားပြီး လိုက်လံစစ်ဆေးတာပါဟု တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ချောင်းဦးမြို့ပေါ်တွင် တရားဝင်လိုင်စင်နှင့် ဆေးအရောင်းဆိုင် ၄ ဆိုင်ရှိပြီး စည်းကမ်းချက်များနှင့်အညီ ရောင်းချနေကြောင်း၊ ဆေးဆိုင်တိုးချဲ့ ဖွင့်လှစ်ချင်သူများအနေဖြင့် လိုင်စင်ပြုလုပ်ပေးနေကြောင်း၊ စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေး ကူညီဆောင်ရွက်ပေးနေကြောင်း သိရှိရပါသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)