ကန့်ဘလူမြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနည်း တောင်သူပညာပေး သရုပ်ပြပွဲ ကျင်းပ

ကန့်ဘလူ ဩဂုတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနည်း တောင်သူပညာပေး သရုပ်ပြပွဲကို ဩဂုတ် ၃၀ ရက်နံနက် ၉ နာရီက ကန့်ဘလူမြို့နယ် ခါးတောက်ရင်းကျေးရွာအုပ်စု ကံရိုးကျေးရွာ စနစ်ကျလယ် ယာမြေဖော်ထုတ်ထားသော ကွင်းအမှတ် ၆၅၂ ဦးပိုင်အမှတ် ၁၁ တောင်သူဒေါ်မြင့်၏ စိုက်ပျိုးမြေ လယ် ၂ ဧက ၌ ကျင်းပခဲ့ကြောင်းသိရသည်။

တောင်သူပညာပေး သရုပ်ပြပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က ကွင်းသရုပ်ပြပွဲ အမှာစကားပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးမှူးဦးတင်မောင်ထွန်းက ကောက်စိုက်စက်နှင့် စိုက်ပျိုးခြင်းအားဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ အလုပ်သမားရှာဖွေရသည့် အခက်အခဲလျော့ကျခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမိုခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊ ပျိုးပင်များပြုစုထိန်းသိမ်းမှု လွယ်ကူစိတ်ချရခြင်း၊ ပျိုးပင်နုတ်ယူရန်မလိုအပ်ခြင်း၊ သန်မာ၍ ရောဂါကင်းသောပျိုးပင်များရရှိခြင်း၊ ကောက်ပင်လှန်ရက်စောင့်ဆိုင်းရန်မလိုခြင်း၊ လေဝင်လေထွက်ကောင်းပြီး ကောက်ကွက်ဝင် ဆန့်မှုတိကျမှန်ကန်ခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော စပါးခင်းအားစပါးရိတ်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူရိတ်သိမ်းနိုင်ခြင်း စသည်အချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက ကောက်စိုက်စက်အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်းကို သရုပ်ပြသရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ စက်မှုလယ်ယာဦးစီးဌာန ဝန်ထမ်းများ၊ ဒေသခံတောင်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)