ဖျာပုံ သြဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် ပူးပေါင်း၍ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွား လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ စာရေးဆရာ ကဗျာဆရာ ဇေယျာဘုန်းမြင့်က လူအချင်းချင်းမေတ္တာတရားထားကြရန်နှင့် မေတ္တာတရားထားခြင်းဖြင့် အရာရာအောင်မြင်နိုင်ကြောင်း၊ အသိပညာပေး ဆွေးနွေးပြောကြားပြီး ဆရာကြီး ဦးကျင်မြင့် က မေတ္တာသည်သာ အေးချမ်းရာ ခေါင်းစဥ်ဖြင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက စာရေးဆရာ ဦးကျော်မြင့် (မောင်ယဥ်မိုး) က စာရေးဆရာ ဒေါက်တာ လှဖေ၏ စာတမ်းကို ရန်ကုန် တက္ကသိုလ် ကထိက ဦးဟုန်ဝမ်က ဘာသာပြန်ရေးသားထားသော ခေတ်ကဗျာ စာအုပ်မှ ခေတ်စမ်း လှုပ်ရှားမှု ခေါင်းစဥ်ဖြင့် ခေတ်စမ်းစာပေဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက် လာကြသော စာပေဝါသနာရှင် များက သိရှိလိုသည်များအား အသီးသီးပြန်လည်မေးမြန်ဆွေးနွေးကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)