ဘားအံ ဩဂုတ် ၃၁
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကရင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းလူငယ်ဖွံ့ဖြိုးရေး မရဟိတဂေဟာများအတွက် ထောက်ပံ့ကြေးနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေးအပ်သည့် အခမ်းအနားကို ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံတော်မှ ခွဲဝေရရှိသည့် ဘဏ္ဍာရန်ပုံငွေဖြင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်း ဂေဟာများကို သတ်မှတ်အဆင့်အလိုက် ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင်တစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိပြီး ရပ်ရွာအတွင်း ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသည့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကိုလည်း နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးဂေဟာနှစ်ခုနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအတွက် စုစုပေါင်း ငွေကျပ် ၁၆၃ သန်းကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး စနစ်တကျ အကျိုးရှိစွာ သုံးစွဲဆောင်ရွက်သွားကြရန်၊ လူမှုဝန်ထမ်းဦးစီးဌာန၏ စစ်ဆေးကြီးကြပ်ခြင်းနှင့်အညီ ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများကို လိုက်နာဆောင် ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကော့ကရိတ်မြို့ ဇောတိကရာမလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာရှိ လူငယ် (၁၆) ဦး အတွက် စားစရိတ်၊ ဝတ်စရိတ်၊ ဂေဟာမှူးလစာနှင့် ဆန်ဖိုးငွေ ကျပ် ၂၇၁၂၀၀၀ (နှစ်ဆယ့်ခုနှစ်သိန်းတစ်သောင်းနှစ်ထောင်ကျပ်)၊ ကမမောင်းမြို့ အေးသုခ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာကျောင်းမှ လူငယ်(၁၂၈)ဦး အတွက် စားစရိတ်၊ ဝတ်စရိတ်၊ ဂေဟာမှူးလစာနှင့် ဆန်ဖိုးငွေကျပ် ၁၉၁၇၆၀၀၀ (တစ်ရာကိုးဆယ်တစ်သိန်းခုနှစ်သောင်း ခြောက်ထောင်ကျပ်) တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက ဘားအံမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၅၇) ကျောင်းအတွက် ထောက်ပံ့ငွေ ၅၄၇၂၀၀၀၀ (ငါးရာလေးဆယ်ခုနှစ်သိန်းနှစ်သောင်းကျပ်)၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၃၈) ကျောင်းအတွက် ထောက်ပံ့ငွေ ၃၆၄၈၀၀၀ ၀(သုံးရာခြောက်ဆယ်လေးသိန်းရှစ်သောင်းကျပ်) တို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှူး တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတနာ့ဝန်ထမ်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများမှ ဂေဟာမှူးနှင့် တာဝန်ရှိသူများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှ တာဝန်ခံဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာတွင် သံလွင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးလှမိုးနှင့် တာဝန်ရှိသူများက သံလွင်မြစ်ရေ တိုက်စားမှုကြောင့် အလျားပေ ၄၀၀၀ ကျော်ခန့် ကမ်းပါးပြိုကျမှု ဖြစ်ပေါ်ခဲ့ရသည့် အခြေနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကမ်းပြိုကျမှု လျော့နည်းသက်သာနိုင်စေရေး အရေးပေါ် ယာယီကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မြစ်ကမ်းဘေးနေထိုင်သူများအား ယာယီရွှေ့ပြောင်းနေရာချထား၍ နေထိုင်ရန် မြေနေရာ အစားထိုးပြန်လည်ပေးအပ်ရန် လိုအပ်ပါက စာရင်းပြုစု တင်ပြပေးရန် မှာကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)