တမူးမြို့အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

တမူး သြဂုတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တမူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို သြဂုတ်လ(၂၉) ရက်နေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တမူးခရိုင်ပညာရေးမှူးဦးဟန်ရွှေက အမှာစကားပြောကြားပြီး တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော် က ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းသား/ကျောင်းသူ လူငယ်များ ပေါ်ထွန်းလာစေရန်၊ ဗဟုသုတများ အပြန်အလှန် မျှ​ဝေတတ်​​စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာပြီး စဥ်းစားတွေးခေါ်မှု ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်ဖွံ့ဖြိုးလာစေရန် အစုအဖွဲ့ဖြင့်ညှိနှိုင်းတိုင်ပင် ဆွေးနွေးတတ်သည့်သူများ ဖြစ်လာစေရန်အတွက် လူငယ်စကားဝိုင်းကိုကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီးတမူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကြုံဒေါင်းမှ အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်းကောင်း ဟောပြောခဲ့ကြသည်။

ဆက်လက်၍ ဦးဆောင်ဆွေးနွေးသူအဖြစ် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က ဦးဆောင်၍ လူငယ်စကားဝိုင်းကိုစတင်ရာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း Grade-(11)မှ ကျောင်းသား/ ကျောင်းသူများဖြစ်သည့် မောင်အောင်ဝဏ္ဏကို၊  မောင်းကောင်းခန့်ထူး၊  မအိမ့်သဥ္ဇာကျော်နှင့် မမေသင်္ကြန်ဦးတို့က လူငယ်နှင့်အနာဂတ်၊ လူငယ်တွေဘက်စုံဖွံ့ဖြိုးတိုးတက်​ရေး၊ လူငယ်များလမ်းမှားမရောက်​စေ​ရေး၊ လူငယ်နှင့်လူကြီး​ကြားဆက်ဆံရေးကို ကောင်းမွန်​အောင်တည်ဆောက်​ရေး၊ လူငယ်နှင့်အားကစား၊ အားကစားနှင့်ကျန်းမာရေးစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာ​ကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ပြန်လည်ဖြေကြားပေးခဲ့​ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်များနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများကိုလှူဒါန်းကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုဆွေက လက်ခံရယူခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်​ရောက်ခဲ့​ကြပြီး တက်ရောက်လာကြသူများအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာနံရံကပ် စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)