မအူပင် ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ခရိုင်အဆင့်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မအူပင်မြို့တိုးရွှေဝါခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မအူပင်မြို့နယ် ဂီတအစည်းအရုံးဒုတိယဥက္ကဋ္ဌ ဦးမြဟန်ရေးစပ်သီကုံးသော “မြန်မာ့ရိုးရာဂီတ ထိန်းသိမ်းကြ” (ဧကပိုဒ်)ရတုဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေပြီး တာဝန်ရှိသူများက အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ဆက်လက်၍ မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာ စကားပြောကြားရာတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ၏ မူလရှိပြီးဖြစ်သသည့် ခန့်ငြားထည်ဝါသော ဂုဏ်ဒြပ်များအပြင် နိုင်ငံတော်တစ်နှံ တစ်လျားတွင် အတူတကွနေထိုင်ကြသည့် သွေးချင်းညီအစ်ကိုမောင်နှစ်မများ၏ ရိုးရာအနုသုခုမများ ပိုမိုလေးနက်စွာ ပေါင်းစပ်ပါဝင်ကြသည့်အတွက် တိုင်းရင်းသားများ၏ သွေးစည်းညီညွတ်မှု အနှစ်သာရကို ပိုမိုပီပြင်အောင် တိုးတက်ဖော်ဆောင်နိုင်ခဲ့ကြောင်းနှင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဦးတည်ချက်(၄)ရပ်နှင့်အညီ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ၄င်းနောက်မြို့နယ်သဘင် အစည်းအရုံးဝင်များမှ “သုံးရောင်ချယ်” သီချင်းဖြင့် ကပြဖျော်ဖြေပြီး ပြိုင်ပွဲဝင်များမှ ကဏ္ဍအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲမှာ ၂ ရက်တာကာလ ဖြစ်ကြောင်းသိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)