မင်းဘူး ဩဂုတ် ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဘာသာရေးဆိုင်ရာပွဲအခမ်းအနားများကို မြို့လယ်တွင် ကျင်းပပြုလုပ်နိုင်ရန်အတွက် RC နှစ်ထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းထံမှ သိရသည်။
မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ကြီးအား အကောင်အထည်ဖော် ဆောက်လုပ်နိုင်ရန်အတွက် မြို့မိမြို့ဖများနှင့် ဒေသခံများ၏ သဘောထားကိုခံယူ၍ အဆိုပြု အဆောက်အဦ၏ နမူနာဒီဇိုင်းပေါ်တွင် ပြင်ဆင်ဖြည့်စွက်စရာများကို ဝိုင်းဝန်းအကြံပြုဆောင်ရွက်နိုင်ရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ဩဂုတ် ၂၉ ရက်နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မင်းဘူးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိ/မြို့ဖများနှင့် ပရဟိတ အသင်းအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့အင်္ဂါရပ်နှင့်အညီ ဆောက်လုပ်မည့် နှစ်ထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးကို မင်းဘူးမြို့ မင်းပူးဦးဩဘာသ မြို့နယ်ခန်းမဘေးရှိ မြေနေရာ ၁ ဒဿမ ၅၃ ဧကတွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ သာသနာ့ ဗိမာန်တော်ကြီး၏ အရွယ်အစားမှာ (ပေ ၁၈၀ x ပေ ၉၀) ၃၀၀ ဦးဆံ့ RC နှစ်ထပ်ဆောင် အဆောက်အဦ အမျိုးအစားဖြစ်ကြောင်း မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောကြားသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးတွင် မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ကြီးအား သာသနိကအဆောက်အဦအဖြစ် သိသာထင်ရှားပေါ်လွင်အောင် ဆောက်လုပ်မှာဖြစ်သည့် အတွက် အဆောက်အဦ၏ ရှေ့မျက်နှက်စာများတွင် မြန်မာမှု၊ မြန်မာ့ဟန်၊ ရှေးမူလက်ရာများကို ထည့်သွင်း၍ ဆောက်လုပ်ပေးစေလိုကြောင်း၊ မြေအနေအထားအရ အဆောက်အဦကို အရှေ့နှင့်အနောက် ဆောက်ရွက်ရမှာဖြစ်ပြီး အဆောက်အဦ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် လူဝင်ဆံ့မှုအပေါ်မူတည်၍ အုတ်ရေကန်၊ အမြင့်တင်ရေစင်၊ ကာလမ်း/ကားပါကင်၊ ရေ၊ မီး၊ စတိုခန်း၊ Toilet စသည်ဖြင့် လုံလောက်မျှတမှုရှိအောင် စနစ်တကျ ဆောင်ရွက်ပေးစေလိုကြောင်း တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
အဆိုပါ သာသနာ့ဗိမာန်တော်ကြီးကို မြို့အင်္ဂါရပ်နှင့်အညီ ဆောက်လုပ်ပြီးစီးပါက ခရိုင်/ မြို့နယ်အဆင့် ဘာသာရေးဆိုင်ရာ ပွဲအခမ်းအနားများ၊ အစိုးရပါဠိပထမပြန် စာမေးပွဲများ၊ စူဠဘွဲ့နှင်းသဘင်အခမ်းအနားများနှင့် ဓမ္မသဘင်တရားပွဲများကို မြို့အလယ်တွင် သွားလာရေးလွယ်ကူချောမွေ့အဆင်ပြေစွာဖြင့် တင့်တယ်ခန့်ညားထည်ဝါစွာ အသုံးပြုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)