မုံရွာ သြဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များလိုက်ပါလျက် သြဂုတ်လ ၂၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း သို့ရောက်ရှိရာ ဆရာတော်ကြီးထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ခေါက်ဆွဲခြောက်များ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ နာဂရိုးရာယဉ်ကျေးမှုပြတိုက်တွင် ကျင်းပပြုလုပ်သော ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီများနှင့် မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဒေသတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သဖြင့် တာဝန်ရှိသူများအားလုံးမှ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နာဂဒေသအတွင်းရှိ ဒေသခံပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်အောင် ဆောင်ရွက်ပေးနေမှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စားရေရိက္ခာပေါများရေးအတွက် စိုက်ပျိုးမွေးမြူထုတ်လုပ်ရန်လိုအပ်မှု၊ ရာသီဥတုကောင်းမွန်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန် စနစ်ကျကုန်းမြင့် လယ်ယာများဖော် ထုတ်စိုက်ပျိုးခြင်းဖြင့် ရွေ့ပြောင်းတောင်ယာခုတ်၍ စိုက်ပျိုးမှုစနစ်ပပျောက်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေနှင့် နာဂဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား အသီးသီးရှင်းလင်းပြော ကြားကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှုကော်မတီအတွက် ငွေကျပ် - ၁၀ သိန်းစီအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက လုံခြုံရေးတာဝန်ထမ်းဆောင် နေသူများအတွက် ငွေကျပ် - ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက မြို့နယ်အဆင့်ဌာနဆိုင်ရာများအတွက် ငွေကျပ် - ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ ဒေသခံတောင်သူများအတွက် နေကြာမျိုးစေ့များအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ အစိုးရနည်းပညာ အထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိတ်ဆက်အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများထံ သင်ထောက်ကူပစ္စည်းများနှင့် စားသောက်စရိတ်ထောက်ပံ့ငွေ ကျပ် - ၂၇ သိန်း အားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက အစိုးရနည်း ပညာအထက်တန်းကျောင်းအတွက် ငွေကျပ် - ၁၀ သိန်းတို့အား ထောက်ပံ့ပေးအပ်ကာ ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအတွက် သင်ထောက်ကူပစ္စည်းများနှင့် ကျောင်းအတွက် ထောက်ပံ့ငွေများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အဆိုပါကျောင်းဝန်းအတွင်းရှိ School Garden စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်(၂) နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေ အားကြည့်ရှူအားပေးပြီး တာဝန်ရှိသူများနှင့်အတူ ကျောင်းသား၊ ကျောင်းသူများထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)