ကျိုက်လတ် သြဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ရွှေဧရာအောင်ခန်းမတွင် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဗဟိုလ်အဆင့် ပါဝင်ယှဥ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်ခြင်းနှင့်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ဩဂုတ် ၂၉ ရက်နေ့ နံနက် (၁၀)နာရီခန့်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အမှာစကားပြောကြားရာတွင် မြန်မာတိုင်းရင်းသား လူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရန်၊ ယဥ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသား ယဥ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မိမိတို့မြို့အနေဖြင့် ပါဝင်ယှဥ်ပြိုင်နိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အနုပညာရှင်များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျိုက်လတ်မြို့နယ် ကိုယ်စားပြု သွားရောက်ယှဥ်ပြိုင်မည့်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုလ်အဆင့်ပြိုင်ပွဲတွင် သက်ဆိုင်ရာဘာသာရပ်များအလိုက် ယှဥ်ပြိုင်နိုင်ရေးအတွက် လေ့ကျင့်မှုများပြုလုပ်ခဲ့ကြသည်။ အဆိုပါ လေ့ကျင့်နေမှုအား ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပရိတ်သတ်များက ပြိုင်ပွဲဝင်များ၏ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)