ဒေးဒရဲမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နိုင်ရေးနှင့် မြို့နယ်အတွင်းမှ ဒေသထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် အဆိုပါလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၁)နာရီက မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေး ကြီးကြပ်ရေးအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဒေါ်သန့်စင်လှိုင်ဦးဆောင်၍ သက်ဆိုင်ရာဌာနများက ရေထွက်ပစ္စည်းများ ထုတ်လုပ်ရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ အသေးစားစက်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်(၂၅၀၀)သိန်းဖြင့် ဒေသတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း(၅)ခု၊ မွေးမြူရေးလုပ်ငန်း(၉)ခု၊ အသေးစားစက်မှုလုပ်ငန်း(၅)ခု စုစုပေါင်း လုပ်ငန်း(၁၉)ခုအား ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဒေသတွင်း သီးနှံသားငါးပိုမိုထုတ်လုပ်နိုင်ပြီး ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း