ကန်ကြီးထောင့်မြို့နယ် ကွင်းယားအရှေ့ကွင်းရှိ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်

ကန်ကြီးထောင့် ဩဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကွင်းယားအရှေ့ကျေးရွာ၊  ကွင်းယားအရှေ့ကွင်း သဘာဝရေပြင်အတွင်းသို ငါးသားပေါက်ကောင်ရေ ၂ သိန်းခွဲ စိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါရန်ကုန် ပုသိမ်ကားလမ်းမကြီးဘေးရှိ ကွင်းယားအရှေ့ကွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကန်ကြီးထောင့်မြို့နယ် ငါးလုပ်ငန်းဦးစီးမှူးဒေါ်ဝင်းဝင်းသန်းက ငါးမျိုးစိုက်ထည့်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးမြသိန်းနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးအေးနိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ပုသိမ်ငါးလုပ်ငန်းစခန်း တာဝန်ခံဦးမျိုးနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသူများက ကွင်းယားအရှေ့သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများအား စုပါင်းစိုက်ထည့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားအား ငါးသံယံဇာတပေါများစေရေး၊ ငါးရိက္ခာဖူလုံစေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအခမ်းအနားတွင် ကွင်းယားအရှေ့သဘာဝရေပြင်အတွင်းသို့  ငါးမြစ်ချင်းကောင်ရေ (၅)သောင်း၊ ငါးခုံးမကြီးကောင်ရေ ငါးသောင်း၊ ငါးရှဥ့်သားပေါက်ကောင်ရေ (၁)သိန်းနှင့် ထိုင်းငါးပြေမကောင်ရေငါးသောင်စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၂)သိန်းခွဲ စိုက်ထည့်ခဲ့ကြောင်း သိရသည်။

မဇင်(ပြန်/ဆက်)