လွိုင်ကော် ဩဂုတ် ၃၁
ကယားပြည်နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကို ဩဂုတ်လ ၂၈ ရက်နေ့မွန်းလွဲပိုင်းအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ပြည်သူများ၏ စားရေးအတွက် အဓိကကျ သည့်ဆန်၊ ဆီနှင့် အခြေခံစားသောက် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်ရေးကို ကဏ္ဍအလိုက် ကြိုတင်စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်းရှိ လူဦးရေအပေါ်မူတည်ပြီး အခြေခံစားကုန်တစ်မျိုးစီ၏ စားသုံးမှုလိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှု ပမာဏတို့ကိုချိန်ဆ၍ ဖူလုံလောက်ငှမှုနှင့် လိုအပ်ချက်ကိုစနစ်တကျ စိစစ်သုံးသပ်ပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေမည့်ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခြေခံစားကုန်ထုတ်လုပ်ရာတွင် အဓိကကျသည့် လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့တွင် လိုအပ်သည့်ပံ့ပိုးမှုများပေးပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို အားပေးရမည်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် လက်တွေ့ကျပြီး အမှန်တကယ်ထိရောက်သည့် နည်းလမ်းများကို အသုံးပြုကာ သက်ဆိုင်ရာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များက ပူးပေါင်းအကောင်ထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူ၊ အဖွဲ့ဝင်များဖြစ်သော ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်ဗဟိုစာရင်းအင်းမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှ လုပ်ငန်းရှင်များက ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမူများအပေါ် ညှိနှိုင်းပေးစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)