မြဝတီ ဩဂုတ် ၃၁
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား မိုးရာသီဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဩဂုတ်လ ၂၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီက အဆိုပါကျောင်းဝင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူများနှင့် အသင်းအလိုက်အုပ်ချုပ်သူများက ကွင်းအတွင်းနေရာယူခြင်း၊ နိုင်ငံတော်အလံအလေးပြုခြင်း၊ ကျောင်းကောင်စီ ကတိသစ္စာခံယူခြင်းများ ပြုလုပ်ပြီးနောက် မြဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအောင်မင်းစိုးက အဖွင့်အမှာစကား ပြောကြားပေးသည်။
ဆက်လက်၍ ကျောင်းကောင်စီဥက္ကဋ္ဌ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာ၌ ကျောင်းပညာသင်နှစ်ပညာရေး ပြက္ခဒိန်အရ တစ်နှစ်အတွင်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာ သင်ကြားသင်ယူမှုအပြင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ရသ သက်မွေးဘက်စုံပညာရေးဆိုသည့် စနစ်သစ်ပညာရေးတွင် ဘက်စုံလွှမ်းခြုံနိုင်ပြီး ထူးချွန်ထက်မြက်နေစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြာ ခဲ့သည်။
ထို့နောက်ဗိုလ်လုပွဲသို့တက်ရောက်မည့် ပြိုင်ပွဲဝင်အသင်များအလိုက် ဆက်လက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် အသင်းအလိုက် ဂိုးသမားအကောင်းဆုံးဆု၊ အားကစားသမား အကောင်းဆုံးဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အကောင်းဆုံးဆုရရှိသည့် ပြိုင်ပွဲဝင်အားကစားသမားများအား ရွေးချယ် ပေးနိုင်ခဲ့ပြီးဖြစ်၍ မြို့နယ်အဆင့်ထိ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)