ရှမ်းရွာသစ်မြို့ အ.မ.က ကျောင်းတွင် ကျောင်းကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရှမ်းရွာသစ်   ဩဂုတ်  ၃၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဌာနှင့်ကျေးလက်ကျန်းမာရေးဌာနတို့  ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ကျန်းမာရေးအသိရှိစေရန်၊ ကျန်းမာကြံ့ခိုင်သန်စွမ်းသော လူငယ်လေးများဖြစ်စေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၉)နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ခံသားဖွားဆရာမ ဒေါ်နော်ကေသီစိုးက မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါဆိုင်ရာ အကြောင်းအရာများ၊ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာအကြောင်းအရာများ၊ ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးမှုဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောပြီးနောက်  ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများအား တစ်ကိုယ်ရေကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် လိုအပ်သောကျန်းမာရေး စောင့်ရှောက်ပေးမှုဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် ကျောင်းသား/သူများ ကျန်းမာရေးနှင့်ပတ်သက်သောအသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် အတွက် မြို့အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)