ရွှေတောင်မြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှုများ ပြုလုပ်ဆောင်ရွက်

ရွှေတောင် ဩဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်များတွင် ရောဂါများဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှုကို ဩဂုတ်လ (၁၅) ရက်နေ့မှ (၃၀) ရက်နေ့အထိ ရက်သတ္တပတ်အဖြစ်သတ်မှတ်၍ လှုပ်ရှားမှုများဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ လှုပ်ရှားမှုများဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒေသအတွင်းရှိ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသူပြည်သူများအား တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် အရေပြားအကျိတ်နာရောဂါ၊ အာဖရိကဝက် အပြင်းဖျားရောဂါ၊ ဝက်နားရွက်ပြာရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။ ယင်းနောက် ခွာနာလျှာနာရောဂါ၊ ဒေါင့်သန်းရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ၊ လည်ချောင်းကွဲရောဂါကာကွယ်ဆေးထိုးခြင်း၊ အင်းဆက်ပိုးမွှားနှိမ်နင်းရန်အတွက်မီးခိုးမှိုင်းတိုက်ခြင်း၊ ခြံများသန့်ရှင်း အောင်ရှင်းလင်းခြင်းများနှင့် အရေပြားအကျိတ်နာရောဂါဖြစ်ပွားမှုရှိ၊ မရှိစူးစမ်းထောက်လှမ်းခြင်းစသည့် လုပ်ငန်းများကို ကျေးရွာအုပ်စုများသို့ ရက်သတ္တပတ်အတွင်း ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိကျေးရွာများသို့ ဌာနဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမားရေးလုပ်သားများက ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)